ဘော့ဆွာနာမှာ ဆင်ကောင်ရေ ၁၀၀ နီးပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ

.

စက်တင်ဘာ ၅ ။            ။ တောင်ပိုင်း အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဘော့ဆွာနာမှာ ဆင်ကောင်ရေ ၉၀ မျှ အစုလိုက်အပြုံလိုက် အစွယ်ဖြတ် သတ်ဖြတ်ခံခဲ့ရတာကို တွေ့ရှိခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ယင်းဖြစ်ရပ်ဟာ အာဖရိကဒေသမှာ အဆိုးရွားဆုံးသော တရားမ၀င် တိရိစ္ဆာန်သတ်ဖြတ်မှု ဖြစ်စဉ်တစ်ခုလည်း ဖြစ်လာခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ယခု ကိစ္စမှာ သတ်ဖြတ်ခံရတဲ့ ဆင် ကောင်ရေ အများစုကတော့ အရွယ်အစားကြီး ဆင်စွယ်တွေ ရှိနေတဲ့ တိရိစ္ဆာန်တွေဖြစ်တယ်လို့ Elephants Without Borders က ပြောပါတယ်။

အဆိုပါ အဖွဲ့နဲ့ ဘော့ဆွာနာ တောရိုင်းတိရိစ္ဆာန် စောင့်ရှောက်ရေးဌာနတို့က တာဝန်ရှိသူတွေ ပူးပေါင်းပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကွင်းဆင်းစစ်တမ်းတစ်ရပ်ကို ပြုစုလုပ်ဆောင်ခဲ့ကြပါတယ်။

" ဒီ တိရိစ္ဆာန်ကောင်ရေကို ကျွန်တော်တို့ ဇူလိုင် ၁၀ ရက်က စပြီး စစ်တမ်းကောက်ခဲ့ပါတယ်၊ အဲဒီလို စစ်တမ်း စကောက်ပြီးနောက်ပိုင်း ဆင်ကောင်ရေ ၉၀ သတ်ဖြတ်ခံရတာကို တွေ့ရှိခဲ့ရပါတယ်" ဆိုပြီး Elephants Without Borders အဖွဲ့ရဲ့ ဒါရိုက်တာ Mike Chase က ပြောသွားပါတယ်။

နိုင်ငံရဲ့ Okavango မြစ်ဝကျွန်းပေါ်ဒေသက နာမည်ကျော် တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော တစ်ခုအနီးမှာ ရိုင်ဖယ်သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ ဆင်တွေကို ရှာတွေ့ခဲ့တာဖြစ်ကြောင်း  သိရပါတယ်။