အိန္ဒိယ ကိုးလ်ကတ္တားမှာ တံတားကျိုးကျမှု ဖြစ်ပြီး ၁ ဦး သေဆုံး၊ ၁၉ ဦး ဒဏ်ရာရ

.

စက်တင်ဘာ ၅ ။           ။ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် ကိုးလ်ကတ္တားမြို့မှာ စက်တင်ဘာ ၄ ရက်က တံတားတစ်စင်း ပြိုကျမှု ဖြစ်ပြီး လူ တစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ယင်းဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ဦးထိ ရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

လက်ရှိ တံတားကျိုးကျပြီး အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိမရှိ ကယ်ဆယ်ရေးသမားတွေက ကြိုးစားရှာဖွေရှင်းလင်းနေကြလျက်ရှိပါတယ်။

အဆိုပါ တံတားကတော့ မီးရထားဘူတာရုံတစ်ခုပေါ်ကနေ ဖြတ်ကျော်တည်ဆောက်ထားတဲ့ တံတားတစ်စင်းဖြစ်ပြီး ယခုအခါ ပြိုကျသွားခဲ့တာဖြစ်ပါတယ်။

တံတားကျိုးပြီးနောက် အပျက်အစီးပုံတွေကြားမှာ ကားတွေကိုပါ မြင်တွေ့ရသလို ယင်းတံတားရဲ့ အပိုင်းကြီးတစ်ခုလုံး ပျက်စီးသွားခဲ့တာကိုပါ တွေ့မြင်ခဲ့ကြရပါတယ်။ ဘတ်စ်ကားတစ်စီးအပါအ၀င် ကားစီးရေ ဒါဇင်ဝက်ခန့် အပျက်အစီးတွေနဲ့အတူ အောက်ကို ကျသွားတယ်လို့ သိရပါတယ်။

" ခုချိန်မှာတော့ ဒီအပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေတဲ့ သူတွေ ရှိမလား ကျွန်တော်တို့ အမြန်ဆုံး ရှင်းလင်းဆောင်ရွက်နေပါတယ်" ဆိုပြီး ကိုးလ်ကတ္တားမြို့တော်ဝန် Sovan Chatterjee က ပြောသွားပါတယ်။

တံတား ဘာကြောင့် ပြိုကျသွားလဲ ဆိုတာကိုတော့ အခုချိန်ထိ မသိရသေးပါဘူး။