မကွေးဆေးရုံကြီးတွင် ဓာတ်ခွဲဆေးစစ်ချက်များကို ပြင်ပဓာတ်ခွဲခန်းများသို့ မပို့ရန်တားမြစ်

.

မကွေး ၊စက်တင်ဘာ ၅ ။           ။ မကွေးတိုင်းဒေသကြီး အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲစစ်ဆေးချက်များကို ပြင်ပဓာတ်ခွဲခန်းများသို့ ပို့၍ စစ်ဆေးခြင်းမပြုကြရန် တားမြစ်ထားကြောင်း တိုင်းအထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြောသည်။

ပြင်ပဓါတ်ခွဲခန်းမှပုဂ္ဂိုလ်များသည် ဆေးကုသဆောင်အတွင်းသို့ ဓာတ်ခွဲစစ်ဆေးရန်အတွက် ဝင်ရောက် ဆောင်ရွက်ခြင်းမျိုးများ မပြုလုပ်ကြရန်နှင့် ပြည်သူ့ဆေးရုံကြီးရောဂါဗေဒဌာနမှ   ဆောင်ရွက်ပေးနိင်သည့် Test များကိုလည်း ပြင်ပဓာတ်ခွဲခန်းသို့ ပို့၍စစ်ဆေးခြင်းများမပြုလုပ်ကြရန် တားမြစ်ထားပြီး ပြုလုပ်ပါက ထိထိ ရောက်ရောက် အရေးယူသွားမည်ဟု သိရသည်။

‌“ဒီဆေးရုံကို ကျွန်တော်ရောက်တာ(၃)လပဲ ရှိပါသေးတယ်။ ကျွန်တော်မရောက်ခင်ကတော့ မသိဘူးပေါ့။ ကျွန်တော်ရောက်တော့လည်း ပြင်ပဓာတ်ခွဲခန်းတွေကို တစ်ချို့တစ်လေ ပို့နေတာတွေ့ရတယ်။ ပြင်ပဓာတ်ခွဲခန်း တွေကို မေးကြည့်တော့ ဓာတ်ခွဲခန်းက (၁၂)ခု၊ (၁၃)ခုလောက်ရှိနေတယ်။ အဝေးကြီးတော့မဟုတ်ဘူး။ ဆေးရုံနဲ့ လမ်းပဲခြားတယ်။ တစ်ချို့ဝန်ထမ်းဆရာ ဆရာမတွေ အပြင်ဓာတ်ခွဲခန်းကိုပို့တာရှိတယ်လေ။ ကျွန်တော် သိတာနဲ့ စာထွက်ပြီး အပြင်ကို မပို့ဖို့၊ အတွင်းမှာ ဓာတ်မှန်ရိုက်ဖို့ ရုံးချိန်အတွင်း ကုပေးဖို့ပြောထားပါတယ်”ဟု ဒေါက်တာမြတ်စိုးက ပြောသည်။

‌ အကယ်၍ ပြင်ပသို့ ပို့ဆောင်စမ်းသပ်ခြင်းကြောင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက ပို့သည့်ဝန်ထမ်း တာဝန်သာဖြစ်ကြောင်း စာထွက်ပြီးနောက်ပိုင်း အပြင်ပို့သည်များ လျော့နည်းလာကြောင်း၊ လိုက်နာခြင်း မရှိပါက ပထမအနေနှင့် ဘုတ်အဖွဲ့ စီမံခန့်ခွဲမှုကော်မတီတို့နှင့် ခေါ်ယူသတိပေးပြီး ဒုတိယအကြိမ်ဆိုပါက ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဆေးရုံအုပ်ကြီးက ပြောပြသည်။

‌“၂၀၁၅ခုနှစ် ဧပြီလအတွင်းက ဒေါက်တာဦးပေါ်ထွန်း လက်ထက် FOC (၆၂)မျိုး ပေးတယ်လို့ ထုတ်ပြန် ထားတယ်။ ဒါပေမယ့် FOC ရတယ်ဆိုတဲ့ တော်တော်များများက မရဘဲနဲ့ အပြင်မှာ စစ်ဆေး နေရတယ်။ ဒီမှာဘာလို့ မရလဲမေးတော့ စက်ပျက်လို့ဆိုတဲ့ အကြောင်းပြချက်မျိုးတွေ ပြောတယ်”ဟု သဒ္ဓါရှင် ရှင်သန်မှု ကူညီရေးအဖွဲ့မှ အလုပ်အမှုဆောင် ဦးနေမိုးဆွေကျော်က ပြောသည်။

‌ထို့အပြင် တိုင်းဆေးရုံဓါတ်ခွဲခန်းသည် သွေးစစ်ဆေးချက်များကို စစ်ဆေးပေးနိုင်ခြင်း မရှိသောကြောင့် အပြင်ဓါတ်ခွဲခန်းများ၌ သွားရောက်စစ်ဆေးရကြောင်း ထိုသို့ စစ်ဆေးရခြင်းကြောင့် လူနာတစ်ဦးလျှင် အနည်းဆုံး ငွေကျပ်တစ်သောင်းခွဲမှ ကျပ်လေးသောင်းအထိ ကုန်ကျနေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် သွေးနှင့်ပတ်သက်၍ ရောဂါ(၃၁)မျိုးကို အခမဲ့စစ်ဆေးပေးနေပြီး ရောဂါအမျိုးအမည်များကိုလည်း သွေးဘဏ်နှင့် ဓာတ်ခွဲခန်းတွင် ပြည်သူများ မြင်သာအောင် တရားဝင်စာကပ်ထားကြောင်း၊အသားစ စစ်ဆေးခြင်းကိုလည်း ရုံးချိန်အတွင်း ဆေးရုံဓာတ်ခွဲ ခန်း၌စစ်ဆေးပေးပါကြောင်း အကယ်၍ အဆိုပါကြေငြာချက်များတွင်ပါသည့် ဆေးစစ်ချက်များကို ပြင်ပတွင် စစ်ခိုင်းနေသည်ကိုတွေ့ရှိပါက သက်သေအထောက်အထားနှင့်တကွ ဆေးရုံအုပ်ကြီးရုံးခန်းသို့ လာရောက် တင်ပြ ဆွေးနွေးနိုင်ပါကြောင်း တိုင်းဆေးရုံအုပ်ကြီးဒေါက်တာမြတ်စိုးက ပြောသည်။

‌“တိုင်းဆေးရုံမှာ တစ်ချို့အရာတွေဆို ဆရာကြီးလုံးဝမသိတာတွေလည်းရှိပါတယ်။ ပြင်ပဓာတ်ခွဲခန်းပညာရှင်က ဆေးရုံပေါ်ကလူနာတွေကို သွေးလာဖောက်ပြီးငွေတစ်ခါတည်း တောင်းသွားတာမျိုးတွေဆို အပေါ်က အကြီး အကဲတွေ လုံးဝမသိဘူး။ ပြင်ပဓာတ်ခွဲခန်းနဲ့Ward တွေ လုပ်စားတဲ့သဘောပေါ့။ ဒါတွေချက်ချင်းရပ်တန့် မသွားပေမယ့် အထက်က လူကြီးတွေကို တင်ပြခွင့်ရလိုက်တဲ့အတွက် သူတို့အတွေးထဲရောက်သွားပြီး တစ်ခုခု လုပ်ပေးမှာတော့ သေချာသွားတာပေါ့။အချိန်တစ်ခုတော့စောင့်ရမှာပေါ့ဗျာ”ဟု မကွေးပရဟိတအဖွဲ့မှ ကိုမိုးက ပြောသည်။