ရိုက်တာသတင်းထောက်များ ပြန်လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံ

.

ဓာတ်ပုံ-AFP
 

ရန်ကုန် ၊ စက်တင်ဘာ ၅ ။           ။ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ကျခံနေရသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့သည် အပြစ်မရှိကြောင်း ၄င်းတို့၏ ဇနီးများက စက်တင်ဘာ ၄ ရက်နေ့တွင် ပြောဆိုခဲ့ပြီး မိသားစုများ ပြန်လည် ဆုံဆည်းနိုင်အောင်  ရိုက်တာသတင်းထောက်များကို ပြန်လွှတ်ပေးပါဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မိသားစုဝင်များက   မေတ္တာရပ်ခံခဲ့သည်။

“ကိုယ့်သမီးလေးက ဘာမှမသိသေးတဲ့အချိန်မှာ သူတဖြည်းဖြည်းသိလာတဲ့အချိန်မှာ ၇ နှစ် အတိုင်းအတာမှာ အဖေဘယ်မှာလဲ။ အဖေ ဘယ်ရောက်နေလဲဆိုတဲ့ဟာ သူသိမှာက အမေတစ်ယောက်ထဲပဲ သိမှာ။ သူကစမွေး လာကတည်းက အဖေဆိုတာကို မတွေ့ခဲ့ရတော့ စိတ်ထဲမှာ တော်တော်မကောင်းဘူး။ အမြန်ဆုံးတော့ လွတ်စေချင်ပါပြီ” ဟု မပန်းအိမွန်ကဆိုသည်။

စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဘုရားလမ်းပေါ်ရှိ Orchid ဟိုတယ်တွင်  ရိုက်တာ သတင်းထောက်နှစ်ဦး၏ ရှေ့နေများ နှင့် မိသားစုဝင်များက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရိုက်တာသတင်းထောက်နှစ်ဦးသည် ရခိုင်ပြည်နယ်က သတင်းကိစ္စများကို ဖော်ထုတ်ခဲ့ခြင်းကြောင့် အဖမ်းခံရခြင်းမဟုတ်ဘဲ နိုင်ငံတော်လျှို့ဝှက်ချက်ကို ဖောက်ဖျက်ခဲ့ခြင်းကြောင့် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်သတင်းဌာနတစ်ခုဖြစ်သည့် NHK သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေဆိုထားခဲ့ဖူးသည်။

အမှန်တကယ် အထင်ကြီးလေးစားခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးမှ နိုင်ငံတော်လျှို့ဝှက်ချက်ကို ဖောက်ဖျက်ခဲ့ကြောင်း ပြောဆိုခဲ့မှုအပေါ် အရမ်းဝမ်းနည်းခဲ့ရသည်ဟု ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်းအိမွန်က ဆိုသည်။

ရိုက်တာသတင်းသမားများ အဖမ်းခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဝန်ကြီးဌာနများသို့ အသနားခံစာတင်ခဲ့သည်ဟုလည်း ကိုဝလုံး၏ အမျိုးသမီး ဖြစ်သူမပန်းအိမွန်က ဆိုသည်။

“သမီးလေးကို စိတ်ဒဏ်ရာရမှာကြောက်တယ်။ သူ့သမီးလေးနဲ့ သူနဲ့ အမြန်ဆုံးပြန်တွေ့စေချင်တယ်။ အမြန်ဆုံးသူ့ကို လွတ်မြောက်စေချင်တယ်” ဟု ရိုက်တာသတင်းထောက် ကိုကျော်စိုးဦး၏ ဇနီးဖြစ်သူက ဆိုသည်။

ရိုက်တာသတင်းထောက်များ ပြစ်ဒဏ်ချမှတ်ခံရခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဥပဒေအရတစ်စုံတစ်ရာ မှတ်ချက်ပေးစရာမရှိပါကြောင်း ကော်မရှင်က သတင်းထုတ်ပြန် ထားသည်။