၁၃ နှစ်ကြာ ပျောက်နေခဲ့တဲ့ ပတ္တမြားဖိနပ် ပြန်တွေ့

.

စက်တင်ဘာ ၅ ။          ။ အမေရိကန်ရုပ်ရှင်ဇာတ်ကား The Wizard of Oz ထဲမှာ မင်းသမီး Judy Garland စီးခဲ့တဲ့ နာမည်ကျော် ပတ္တမြား ဖိနပ်တစ်ရံ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က အခိုးခံရလို့ ပျောက်ဆုံးနေပြီးတဲ့နောက် ယခုအခါ ပြန်တွေ့ပြီဖြစ်ကြောင်း သိရပါတယ်။

ပတ္တမြားအနီရောင်အဆင်းရှိလို့ ပတ္တမြား ဖိနပ်ရယ်လို့ တင်စားခေါ်ဆိုခံထားရတဲ့ ယင်းဖိနပ်ကတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအထားခံရဆုံး ဖိနပ်တစ်ရံအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး အနီရောင် ဘော်ကြယ်လေးတွေထိုးပြီး ဖန်တီးထားတာဖြစ်ပါတယ်။

ယင်းဖိနပ်ဟာ Minnesota ပြတိုက်မှာ သိမ်းဆည်းထားစဉ်မှာပဲ အခိုးခံရပြီး ၁၃ နှစ်ကြာ ပျောက်နေခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ယင်းနာမည်ကျော် အနီရောင် ဖိနပ်ကို ပြန်လည် ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း အမေရိကန် အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားပါတယ်။

ယင်း ဖိနပ်ကိုတော့ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် ပြတိုက်ကနေ အခိုးခံရပြီးတဲ့နောက်မှာပဲ ယင်းကို ပြန်လာအပ်နှံဖို့ ဆုငွေ ဒေါ်လာ ၁ သန်းအထိ ထုတ်ပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ခိုးယူသူ ဘယ်သူဘယ်ဝါ ဆိုတာနဲ့ ယင်းဖိနပ် ဘယ်ရောက်သွားတာလဲဆိုတာကိုတော့ ဘယ်သူမှ မဖော်ထုတ်နိုင်ခဲ့လို့ မသိရှိခဲ့ရပါဘူး။

ဒါပေမယ့် ယခုအခါကျမှ ယင်းဖိနပ်ကို ပြန်တွေ့ပြီဖြစ်ကြောင်း အာဏာပိုင်တွေက ထုတ်ပြောလာတာဖြစ်ပါတယ်။ သို့ပေမယ့် ယင်းကို ဘယ်ကနေ ပြန်ရလာလဲ ဆိုတာကိုတော့ ထုတ်ပြောခြင်းတော့ မရှိပါဘူး။

ယခု ပြန်ရှာတွေ့ခဲ့တဲ့နောက် ယင်း ပတ္တမြားဖိနပ်ကတော့ ဘာမှ ပျက်စီးမသွားသေးဘဲ မူလအတိုင်း အကောင်းပကတိအခြေအနေမှာပဲ ရှိသေးကြောင်း သိရပါတယ်။