အင်အားပြင်း ဂျက်ဘီ မုန်တိုင်းကြောင့် ဂျပန်မှာ လူ ၁၀ ဦးထက်မနည်း သေ၊ ရာနှင့်ချီ ဒဏ်ရာရ

.

စက်တင်ဘာ ၅ ။          ။ နှစ်ပေါင်း ၂၅ နှစ်တာအတွင်း အပြင်းထန်ဆုံးသော တိုင်ဖွန်းမုန်တိုင်းတစ်ခု ၀င်ရောက်တိုက်ခတ်နေခဲ့ပြီးနောက် ယခုအခါ ဂျပန်မှာ သေဆုံးသူ ဆယ်ဦးထက် မနည်း ရှိသွားပြီ ဖြစ်ပြီ ထိခိုက်ဒဏ်ရာရရှိသူ လူပေါင်းရာနဲ့ချီ ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။

အားပြင်း ဂျက်ဘီ တိုင်ဖွန်း မုန်တိုင်း နိုင်ငံမှာ ၀င်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် ဆုံးရှုံးပျက်စီးမှု အများအပြား ကြုံတွေ့ခဲ့ရသလို စက်တင်ဘာ ၅ ရက်ကလည်း အဓိက နိုင်ငံတကာလေဆိပ်တစ်ခုမှာ အရေးပေါ်ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

နိုင်ငံရဲ့ အစည်ကားဆုံး လေဆိပ်တစ်ခုဖြစ်တဲ့ Kansai နိုင်ငံတကာ လေဆိပ်မှာ ပိတ်မိနေခဲ့တဲ့ ခရီးသည်တွေကို ပြောင်းရွှေ့ပေးခဲ့ရပြီး ယင်းမတိုင်မီတုန်းက ခရီးသည် ထောင်နဲ့ချီတို့ဟာ တစ်ဝက်တစ်ပျက် ရေလွှမ်းနေတဲ့ အဆောက်အအုံတွင်းမှာ တစ်ညတာ ဖြတ်သန်းကုန်ဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဂျက်ဘီ တိုင်ဖွန်းဟာ နိုင်ငံအနောက်ပိုင်း အိုဆာကာမြို့ ၀န်းကျင်က အဓိက ကုန်ထုတ်လုပ်မှု ဧရိယာကို မွှေနှောက်တိုက်ခတ်ခဲ့ပြီး အခြေခံအဆောက်အအုံတွေနဲ့ အိမ်တွေ အကြီးအကျယ် ပျက်စီးခဲ့ရပါတယ်။

တစ်နာရီ လေတိုက်နှုန်း ၂၁၆ ကီလိုမီတာ ထိ ရှိတဲ့ ယင်းမုန်တိုင်းကြောင့် အိမ်ခေါင်မိုးတွေ လန်ထွက်လွှင့်ကျခြင်း၊ တံတားပေါ်တွေမှာ ရှိနေခဲ့တဲ့ ထရပ်ကားတွေ တိမ်းမှောက်ကုန်ခြင်း တို့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် အိမ်ထောင်စုပေါင်း တစ်သန်းကျော်လောက် လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရလျက်ရှိကြောင်း သိရပါတယ်။ နိုင်ငံအနောက်ဖက်ဒေသတစ်ဝှမ်း ပျက်စီးဆုံးရှုံးမှု များပြားပြီး အဓိကမြို့ကြီးတွေဖြစ်တဲ့ ကျိုတိုနဲ့ အိုဆာကာတို့  ထိခိုက်မှု များခဲ့ကြောင်း သိရပါတယ်။