မြန်မာယူ-၂၁ အသင်းကို လာမယ့်နှစ် ဆီးဂိမ်းအတွက် ရည်ရွယ် ဖွဲ့စည်းထားခြင်းဖြစ်ဟု နည်းပြချုပ် ဦးကြည်လွင် ပြော

.

(ဓာတ်ပုံ - MFF)

တရုတ်ဖိတ်ခေါ် ယူ-၂၁ (၄)နိုင်ငံဘောလုံးပြိုင်ပွဲဝင် မြန်မာယူ-၂၁ အသင်း နည်းပြချုပ် ဦးကြည်လွင်က ၎င်းတို့ရဲ့ အဓိကရည်ရွယ်ချက်မှာ လာမယ့်နှစ် ဆီးဂိမ်းအတွက် ရည်ရွယ်ပြီး အသင်းကို ဖွဲ့စည်းထားတာဖြစ်တယ်လို့ တရုတ်ယူ-၂၁ အသင်းနဲ့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA) က ကြီးမှူးကျင်းပသည့် တရုတ်ဖိတ်ခေါ် ယူ-၂၁ (၄)နိုင်ငံဘောလုံးပြိုင်ပွဲ (CFA International Youth Football Tournament 2018) ကို စက်တင်ဘာ ၄ ရက်က ပထမနေ့ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာယူ-၂၁ အသင်းက အိမ်ရှင် တရုတ်ယူ-၂၁ အသင်းကို (၁-၀) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မျက်နှာသစ်ကစားသမားအများအပြားနဲ့ ပွဲထွက်လာခဲ့တဲ့ မြန်မာယူ-၂၁ အသင်းသည် ပွဲအစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း လက်ကျန်ပွဲချိန်တစ်လျှောက်လုံး တရုတ်အသင်းရဲ့ တိုက်စစ်ကို ကောင်းမွန်စွာ တုံ့ပြန်နိုင်ခဲ့ပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မြန်မာယူ-၂၁ အသင်းနည်းပြချုပ် ဦးကြည်လွင်က မီဒီယာများနဲ့ တွေ့ဆုံခဲ့ရာမှာ “ဒီနေ့ပွဲစဉ်က ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ တရုတ်အသင်းက ပိုပြီးကောင်းတဲ့ အသင်းဖြစ်ပေမယ့် ကျနော့်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိပါတယ်။ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က ရှေ့လာမယ့်နှစ် ဆီးဂိမ်းအတွက် ရည်ရွယ်ပြီး ဒီအသင်းကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ တရုတ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၁၁ မိနစ်မှာ ဇောင်ယွမ်းက သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ မြန်မာအသင်းက (၁-၀) ဂိုးရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

နည်းပြချုပ် ဦးကြည်လွင်က လူငယ်ကစားသမားများ အတွေ့အကြုံရရှိဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ပွဲတိုင်းကို အကောင်းဆုံးကစားသွားမှာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

တရုတ်ဖိတ်ခေါ် ယူ-၂၁ (၄)နိုင်ငံဘောလုံးပြိုင်ပွဲကို ကွေ့ကျင်းမြို့ရှိ Quijing Culture and Sports Park အားကစားကွင်းမှာ စက်တင်ဘာ ၄ ရက်မှ  စက်တင်ဘာ ၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး အိမ်ရှင် တရုတ်ယူ-၂၁ အသင်းအပါအဝင် မြန်မာယူ-၂၁ အသင်း၊ ဥဇဘက်ကစ္စတန်ယူ-၂၁ အသင်း၊ တာဂျစ်ကစ္စတန်ယူ-၂၁ အသင်းတို့ အုပ်စုပတ်လည်ပုံစံနဲ့ ကစားမှဖြစ်ပြီး အမှတ်အများဆုံးအသင်း ဗိုလ်စွဲမှာဖြစ်ပါတယ်။

မြန်မာယူ-၂၁ အသင်းစာ တရုတ်ဖိတ်ခေါ်ပြိုင်ပွဲမတိုင်ခင် MNL ကလပ်အသင်း (၃)သင်းနဲ့ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ရာ (၃)ပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။