ပြန်ကြားရေးပိုင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းများ အရှုံးပေါ်နေမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းထုတ်

.

နေပြည်တော်၊ စက်တင်ဘာ ၄  ။                   ။ နိုင်ငံပိုင်မြေနေရာများ၊ နိုင်ငံပိုင် အဆောက်အဦများနှင့် နိုင်ငံတော်မှ ဘတ်ဂျက်ဖြင့်  ခန့်ထားပေးသော ၀န်ထမ်းများဖြင့် လုပ်ကိုင်လျက်ရှိသော ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းများ အရှုံးပေါ်နေမှုကို ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက မေးခွန်းထုတ်ခဲ့သည်။

“ဈေးကွက်ဝေစု အကြီးမားဆုံးလည်း ရရှိထားပါတယ်။ ကြော်ငြာတွေလည်း အများကြီး ရရှိထားပါလျှက်နဲ့ ဒီလောက်ရှုံးရတဲ့ အပေါ်မှာ ဘာကြောင့် ရှုံးရတာလဲ ဆိုတဲ့ဟာကို မေးခွန်းမေးချင်ပါတယ်။ စီမံခန့်ခွဲမှုအပိုင်း လိုအပ်ချက်တွေကို ပြန်လည်သုံးသပ်စေချင်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောသည်။

လေ့လာတွေ့ရှိချက်များအရ ပြန်ကြားရေးအနေဖြင့် ၀င်ငွေအနေဖြင့် ကျပ် ၂၀.၃၇၄ ဘီလီယံရရှိခဲ့ပြီး အသုံးစရိတ်တွင်မူ ကျပ် ၂၁.၅၃၇ ဘီလီယံ ရှိခဲ့ကာ ကျပ် ၁.၁၅၈ ဘီလီယံ အရှုံးရှိခဲ့ကြောင်း ၄င်းက ထောက်ပြပြောဆိုသည်။

ယနေ့ စက်တင်ဘာ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်း  ၂၀၁၈-၂၀၁၉ခုနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းတို့၏ မူနှင့် အခြေခံသဘောများ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ရာတွင် ဒေါ်အေးမြမြမျိုးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ရခိုင်အရေးနှင့် ပတ်သက်ပြီး ကမ္ဘာ့မီဒီယာတွင်  ပုံဖျက်ခံရခြင်းကိုဘတ်ဂျက်များ နှင့် ၀န်ထမ်းများ အများအပြား ခန့်ထားသော်လည်း အရည်အသွေးပိုင်းတွင် လုံလောက်သည့် အရည်အခြင်းများ မရှိသည့် အတွက်ကြောင့် ထိုသို့ ပုံဖျက်ခြင်းများကို အချိန်နှင့် တပြေးညီ  ပြန်ချေဖျက်နိုင်စွမ်း မရှိသည့်အတွက် ၀င်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေး ခေတ္တ ရပ်နားချိန်တွင် မီဒီယာများကို ဒေါ်အေးမြမြမျိုးက  ပြောသည်။

“ကျွန်မတို့က လက်ရှိအနေအထားအရ နိုင်ငံကနေပြီးတော့မှ နိုင်ငံပိုင်မီဒီယာတွေ လိုအပ်နေသေးတယ်ဆိုရင်တောင်မှပဲ ကျွန်မတို့လက်ရှိနိုင်ငံမှာ ရင်ဆိုင်နေရတဲ့သတင်း အချက်အလက် ထုတ်ပြန်မှု အပိုင်းမှာ ဒီနိုင်ငံတော် မီဒီယာတွေကနေပြီးတော့မှ ကျေနပ်လောက်တဲ့ဟာမျိုး ကျွန်မတို့ နိုင်ငံအတွက်ကိုအကူအညီပြုမြောက်နိုင်တာမျိုးကို ကျွန်မတို့ မတွေ့ဘူး။ ဒီအတွက်ကြောင့် ကျွန်မက ဒါကို ဆွေးနွေးခြင်း ဖြစ်တယ်" ဟု ၄င်းက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးရဲထွဋ်ကလည်း တိုင်းပြည်တွင် ဘတ်ဂျက်လိုငွေများ အများအပြားရှိနေသော်လည်း ပြန်ကြားရေးကြီးဌာနသည် ဘတ်ဂျက်အများ ဆုံးတောင်းခံသည့်သဘော ဖြစ်ကာ လိုငွေများကို လျော့ချရန်အတွက်မလိုအပ်သည့် ၀န်ကြီးဌာနများကို ပေါင်းသင့်ကာ လျှော့သင့်သည်များကို လျှော့သင့်ကြောင်း ပြောကြားသည်။

“သဘောကတော့ ဒီ အထူးသဖြင့်ပေါ့ ။ အများဆုံးပြနေတဲ့ပြန်ကြားရေးက အသုံးစရိတ် အများဆုံးကို လျှော့ချလိုက်လို့ရှိရင်  Privatization (ပုဂ္ဂလိကပိုင်ပြုလုပ်)လုပ်လိုက်လို့ရှိရင် ဒါ လိုငွေ အများကြီး လျော့သွားနိုင်တာပေါ့” ဟု ၄င်းကပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် နိုင်ငံပိုင် သတင်းစာ ၃ စောင်ရှိပြီး ကြေးမုံ၊ မြန်မာ့အလင်း၊ Global News Light of Myanmar သတင်းစာများ ရှိသည်။