ပုဂံဒေသတွင် စီမံခန့်ခွဲမှုအမှားအယွင်းများကြောင့် ယူနက်စကို မှတ်တမ်းဝင်ရန် အတားအဆီးဖြစ်နေ

.

ဓာတ်ပုံ - AFP
 

စက်တင်ဘာ ၄ ။           ။ ပုဂံဒေသသည် အစိုးရ၏ စီမံခန့်ခွဲမှုအမှားအယွင်းများကြောင့် ယူနက်စကို၏ မှတ်တမ်းဝင်ရန် အခက်အခဲ အတားအဆီးဖြစ်နေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဖိုးဖြူ ကပြောသည်။

စက်တင်ဘာ ၄ရက်တွင် ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်ရှိ မြန်မာ့ရှေးဟောင်းသုတေသနပညာအသင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

"အစိုးရရဲ့မှားယွင်းတဲ့ စီမံခန့်ခွဲမှုဟာ ယူနက်စကို ၀င်ဖို့အတွက် အဓိကအကျဆုံးအတားအဆီးပါဘဲ။ အစိုးရက စီမံခန့်ခွဲမှုကလည်း မှားယွင်းနေသလို တစ်ချို့စီမံခန့်ခွဲမှုတွေမှာလည်း လက်ဦးမှုရယူပြီး စီမံခန့်ခွဲဖို့အတွက်ကို ပျက်ကွက်နေပါတယ်။ ဒီစီမံခန့်ခွဲမှုမှာ မှားယွင်းတာရော ပျက်ကွက်နေတဲ့ စီမံခန့်ခွဲမှုရောဟာ ယူနက်စကို ၀င်နိုင်ဖို့အတွက်တော့ အတားအဆီးတစ်ရပ်ဖြစ်ပါတယ်" ဟု ဦးဖိုးဖြူ ကပြောသည်။

အစိုးရ၏ စီမံခန့်ခွဲမှုအမှားအယွင်းများကို ဥပဒေကြောင်းအရ နည်းလမ်း ၃ခုနှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေတွင် လိုအပ်သည့် ပြဋ္ဌာန်းချက်အပိုဒ်များပါဝင်အောင် သုတေသနပြုလုပ်၍ ပြည်ထောင်စု ဥပဒေပြုရေးအဖွဲ့အစည်းများထံသို့ တင်ပြသွားမည်ဟု သိရသည်။ထို့အပြင်  စီမံခန့်ခွဲမှု အမှားအယွင်းများကို သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြမည်ဖြစ်သလို မြန်မာ့ ရှေးဟောင်းသုတေသနပညာအသင်းမှ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများသို့ အကြောင်းကြား တင်ပြသွား မည်ဖြစ်ကြောင်း လိုက်နာအကောင်အထည်ဖော်မှုများမရှိပါက ဥပေဒေအရ တရားစွဲဆိုမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

"လူလုပ်ကုန်းဆောက်တယ်။ ဆောက်တဲ့ဟာသည် ရှေးဟောင်းမြင်ကွင်းနဲ့ ထိခိုက်မှုရှိရင်မလုပ်ရပါဘူးလို့ ဥပဒေ မှာအတိအလင်းပြောထားတာကို ရှေးဟောင်းဦးစီးကိုယ်တိုင်ကလည်း ဒီကိစ္စကိုခွင့်ပြုချက်ပေးတဲ့သဘောမျိုး တွေရှိတယ်ဆိုရင် သူတို့ဥပဒေကို သူတို့ကိုယ်တိုင်ဖောက်ဖျက်တယ် ဆိုတဲ့အနေအထားမျိုးတွေဖြစ်နေတယ်" ဟု မြန်မာ့ရှေးဟောင်းသုတေသနပညာအသင်းမှ အတွင်းရေးမှူး ဦးသူရအောင် ကပြောသည်။

လက်ရှိအချိန်တွင် ပုဂံဒေသ၌ စီမံခန့်ခွဲမှုအလွဲအမှားများကြောင့် အိမ်သာများတည်ဆောက်ခြင်း၊ လူလုပ်ကုန်း များတည်ဆောက်ခြင်း၊ ဘုရားတက်ရောက်ခွင့် ပိတ်ခြင်း၊ မြက်ခင်းများစိုက်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းများ လုပ်ဆောင်နေကြောင်း ပုဂံ၊ ညောင်ဦးဒေသခံ ဦးနိုင်ထွန်းကပြောသည်။

၂၀၁၉ခုနှစ် သြဂုတ်လတွင် ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ယူနက်စကိုမှ ပုဂံဒေသနှင့် ပတ်သက်၍ အဖြေထွက်လာမည်ဖြစ်ခြင်းကြောင့် လက်ရှိအချိန်တွင် တည်ဆောက်ပြုပြင်မှုများကို ဆိုင်းငံ့ထားသင့်ကြောင်း ပုဂံဒေသခံတစ်ချို့ကပြောသည်။