တရုတ်မူလတန်းကျောင်း အခမ်းအနားတစ်ခုမှာ တိုင်ပတ်အက အစီအစဉ်ထည့်ခဲ့လို့ ကျောင်းအုပ်ဖြစ်သူ အလုပ်ပြုတ်

.

စက်တင်ဘာ ၄ ။           ။ တရုတ်နိုင်ငံက မူလတန်းကျောင်းတစ်ခုက ကျောင်းအုပ်ဖြစ်သူဟာ ကျောင်းပြန်ဖွင့်တဲ့ပထမဆုံးနေ့ အခမ်းအနားမှာပဲ ထူးခြားအောင်ဆိုပြီး တိုင်ပတ်အက အစီအစဉ်တစ်ခုကို ထည့်သွင်းဖျော်ဖြေခိုင်းခဲ့ပြီးတဲ့နောက် ယခုအခါ အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရပြီဖြစ်ကြောင်း သိရပါတယ်။

ကလေးငယ်တွေရဲ့ ရှေ့မှာ ယခုလို တိုင်ပတ်အကမျိုးကို ထည့်သွင်းဖြေဖျော်ခိုင်းခဲ့တာကို ကျောင်းသားမိဘတွေကို စိတ်ဆိုးဒေါသထွက်ခဲ့ကြပြီး လူမှုကွန်ရက်တွေပေါ်မှာ စောဒကတက် ဝေဖန်ခဲ့ပြီးနောက် ယခုလို ကျောင်းအုပ်ဖြစ်သူ အလုပ်ပြုတ်သွားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းက တစ်ခြားကျောင်းတွေလိုပဲ Shenzhen မြို့က Xinshahui မူလတန်းကျောင်းမှာလည်း စာသင်နှစ် ပြန်စတဲ့ အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပြီး ယင်းကျောင်းမှာတော့ ထူးခြားမှုအဖြစ် ယခုလို ဆန်းပြားတဲ့ တင်ဆက်ဖျော်ဖြေမှုတွေ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယခုလို အမြင်မသင့်စေတဲ့ တိုင်ပတ်အကမျိုး ကျောင်းဖျော်ဖြေပွဲမှာ ထည့်သွင်းကျင်းပစေခဲ့ပြီးနောက် ယင်းကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ Lai Rong တစ်ယောက် အလုပ်ပြုတ်သွားခဲ့တာဖြစ်ပါတယ်။

" ဘာ၊ တိုင်ပတ်အကနဲ့ ကျောင်းမှာ ဖျော်ဖြေပွဲ လုပ်တယ်ဟုတ်လား၊ ရူးများရူးနေပြီလားမသိဘူး၊ ဒီလိုမျိုး ဆိုရင် ကျွန်မတို့ ကလေးတွေကို ဘယ်လို ယုံယုံကြည်ကြည်နဲ့ ထားရတော့မှာလဲ၊ ခုပဲ ကလေးကို ကျောင်းကနေ သွားပြန်ထုတ်တော့မယ်" ဆိုပြီး ဒေါသထွက်နေတဲ့ မိဘတစ်ဦးက WeChat မှာ ရေးသားထားခဲ့ပါတယ်။