အာဂျင်တီးနားမှာ အသုံးစရိတ်လျှော့ချဖို့အတွက် အစိုးရ၀န်ကြီးဌာန တစ်ဝက်လောက်ကို ဖျက်သိမ်း

.

 

စက်တင်ဘာ ၄ ။         ။ နိုင်ငံသုံးငွေကြေး ပြိုလဲကျဆင်းမှု အကျပ်အတည်းကနေ ပေါ်ပေါက်လာတဲ့ အရေးပေါ်အခြေအနေကို ထိန်းသိမ်းနိုင်ရေးအလို့ငှာ နိုင်ငံမှာ ခြိုးခြံချွေတာရေး လုပ်ဆောင်မှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း အာဂျင်တီးနား အစိုးရက ကြေညာလိုက်ပါတယ်။

ယင်းအတွက်ကြောင့် နိုင်ငံမှာ မလိုအပ်တဲ့ အသုံးစရိတ်တွေ လျှော့ချဖို့အတွက် အစိုးရ၀န်ကြီးဌာန အရေအတွက် ထက်ဝက်လောက်ကိုလည်း ဖျက်သိမ်းသွားတော့မှာဖြစ်ကြောင်း သမ္မတ Mauricio Macri က ပြောသွားပါတယ်။

ယခုနှစ်ထဲမှာပဲ နိုင်ငံသုံးငွေကြေး ပီဆိုတန်ဖိုးဟာ ကန်ဒေါ်လာနဲ့ ယှဉ်ရင် ထက်ဝက်ကျော်လောက် တန်ဖိုးလျော့ကျသွားပြီးနောက် လက်ရှိ အာဂျင်တီးနားတို့အနေနဲ့ အရေးပေါ် အခြေအနေတစ်ရပ်နဲ့ ကြုံတွေ့နေရပြီဖြစ်ကြောင်း ၎င်းက ပြောသွားပါတယ်။

ယခုလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင့်သုံးမယ့် ခြိုးခြံချွေတာရေး လမ်းစဉ်အောက်မှာတော့ အစိုးရအဖွဲ့တွင်းက ၀န်ကြီးဌာန ၂၂ ခုအနက် ၁၀ ခုကို ဖျက်သိမ်းသွားတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် ထုတ်ကုန်တစ်ချို့ ပြည်ပတင်ပို့မှုအပေါ်မှာလည်း အခွန်တွေ တိုးကောက်တော့မှာဖြစ်ကြောင်း သိရပါတယ်။

ယခုလို ခြိုးခြံချွေတာရေး အစီအစဉ်တွေအကြောင်း အာဂျင်တီးနား သမ္မတက ထုတ်ပြန်ကြေညာအပြီးမှာတော့ ပြည်သူတွေဘက်က ဆန္ဒပြမှုတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။