မီဒီယာ၊ ဂိမ်းထုတ်လုပ်သူနှင့် VR ပြုလုပ်သူများပါဝင်နိုင်မည့် Asian Academy Creative Award ပြိုင်ပွဲပြုလုပ်မည်

.

ရန်ကုန်၊ စက်တင်ဘာ ၄ ။       ။ မီဒီယာလုပ်ငန်းများ၊ ကြော်ငြာလုပ်ငန်းများ၊ ဂိမ်းထုတ်လုပ်သူများနှင့် VR ပြုလုပ်သူများပါဝင်ယှဉ်ပြိုင်နိုင်မည့် Asian Academy Creative Award ပြိုင်ပွဲကို ဆု ၄၉ မျိုးဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယင်းပြိုင်ပွဲတွင် ဆု ၄၉ ခုချီးမြှင့်မည်ဖြစ်ပြီး အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု၊ မင်းသမီးဆု၊ ဇာတ်ပို့ ဆုများ၊ အကောင်းဆုံးဗီဒီယိုဂိမ်း၊ အကောင်းဆုံးသတင်းအစီအစဉ် အစရှိသည့် ဆုအမျိုးအစားများ ပါဝင်နေသည်။

Asian Academy Creative Award သည် အာရှနိုင်ငံများရှိ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းများ၊ ရုပ်မြင်သံကြား ဌာနများ၊ Online TV များ၊ ကြော်ငြာ ထုတ်လုပ်သူများ၊ ဂိမ်း ထုတ်လုပ်သူများ၊ VR ဖန်တီးထုတ်လုပ် သူများ စသည့်တို့၏ ဖန်တီးမှုများနှင့်ပတ်သက်၍ ပါဝင်ယှဉ်ပြိုင်နိုင်သည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။

"ဒီပြိုင်ပွဲမှာတော့ ဆုပေးမယ့်ခေါင်းစဉ်ပေါင်း ၄၉ ခုပါဝင်ပါတယ်။ အွန်လိုင်းကနေရယူပါဝင်နိုင်ပါတယ်။ ဘယ်သူ မဆို ဒီအချက်အလက်တွေကို ဒေါင်းလုပ်ရယူလို့ရပါတယ်။ ဒါပေမယ့်ဒီနေ့မှာတော့ မတူညီတဲ့ဆုတွေ အကြောင်းကို ပြောပြပေးခဲ့တာဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ဘယ်သူမဆိုလုပ်လို့ရပါတယ်။ ၀င်ခွင့်လျှောက်ထား တာနဲ့ ပတ်သက်လို့ သူတို့နားမလည်တာရှိရင်လည်း မြန်မာဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ မေးမြန်း နိုင်ပါတယ်။ ဆိုတော့ ကျွန်တော်ကတော့ အမြန်ဆုံးပြိုင်ပွဲဝင်ကြဖို့နဲ့ ခေါင်းစဉ်တွေအများကြီးရဲ့အောက်မှာ ပါဝင်ယှဉ်ပြိုင်ကြဖို့နဲ့ အကောင်းဆုံးဆုကိုရယူနိုင်ဖို့အတွက် တိုက်တွန်းချင်ပါတယ်" ဟု Elevate Broadcast PTE Ltd အမှုဆောင်အရာရှိချုပ် Dennis Breckenridge က ပြောသည်။

ထို့အပြင် ပြိုင်ပွဲလျှောက်လွှာများကို ဇူလိုင်လ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့အတွင်း ပေးပို့ရမည် ဖြစ်ပြီး လျှောက်လွှာပိတ်ရက် နောက်ပိုင်းမှစ၍ Blind Judging ပြုလုပ်ကာ ဆုရွေးချယ်ရေးအတွက် ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံပေါင်း ၂၀ မှ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့အတွင်း ထုတ်လွှင့်ခဲ့ပြီးသည့်အရာဖြစ်ရမည်ဟု ဖော်ပြထားသည်။ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင်ကြေး အမေရိကန်ဒေါ်လာ ၂၅၅ ပေးသွင်းကာ https://asianacademycreativeawards.com/ တွင် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်သည်။