မြို့နယ် ၁၉ ခု တွင် ၃၆ နာရီကြာ ရေပြတ်တောက်မည်

.

ရန်ကုန်၊ စက်တင်ဘာ ၄ ။         ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခုမှ မြို့နယ် ၁၉ ခုတွင် စက်တင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များ၌ ရေပြတ်တောက်မည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းရေး)မှ ဦးချစ်ကိုကို က ပြောသည်။

ရန်ကုန်မြို့ရှိ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် စသည့်မြို့နယ်များတွင် ရေပြတ်တောက်မှုနှင့် ရေအားလျော့နည်းမှုများဖြစ်ပေါ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

"ပြတ်တောက်မှာကတော့ ၁၃ ရက်(နံနက် ၁၀ နာရီ) မှ ၁၄ ရက်နေ့ည ၁၀ နာရီအထိ ၃၆ နာရီအတွင်းပြတ်တောက်မယ်" ဟု အနောက်ပိုင်းခရိုင် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းရေး)မှ ဦးချစ်ကိုကို က ပြောသည်။

ရန်ကုန်မြို့အတွင်းသို့ရေပေးဝေလျက်ရှိသည့် လှော်ကား ၆၆"Ø ကွန်ကရိပိုက်လိုင်းကြီးအား အစားထိုးလဲလှယ်ဆက်သွယ်မှုလုပ်ငန်းကို မရမ်းကုန်းမြို့နယ် ကျောက်တော်ကြီးဘုရားအနီးတွင် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ရေပြတ်တောက်ရခြင်းဖြစ်သည်ဟု သိရသည်။

"ကျွန်တော်က ကျွန်တော့်ခရိုင်အနေနဲ့ပဲ ကျန်တာ မြေပြင်မှာကိစ္စစီစဉ်ဆောင်ရွက်ရမယ့်တာဝန်ယူတယ်။ သတင်းပြန်ဖို့အတွက်ကတော့ အဲဒီမှာထုတ်ပြန်ထားတဲ့အတိုင်းပါပဲ" ဟု ကွန်ကရစ်ပိုက်လိုင်းအစားထိုးလဲလှယ်မည့် မြောက်ပိုင်းခရိုင် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းရေး)မှ ဌာနမှူးက ပြောသည်။

အဆိုပါဖြစ်စဉ်အတွက် ရေကြိုတင်စုဆောင်ထားနိုင်ရန်နှင့် ရေလိုအပ်ချက်ရှိပါက အရှေ့ပိုင်းခရိုင်မှူး၀၉၂၅၀၂၈၃၈၂၃ ၊ အနောက်ပိုင်းခရိုင်မှူး ၀၉၂၅၀၂၈၃၈၁၂ ၊ တောင်ပိုင်းခရိုင်မှူး ၀၉၅၀၅၄၅၆၅ ၊ မြောက်ပိုင်းခရိုင်မှူး ၀၉၅၀၈၁၂၂၉ များသို့ ဆက်သွယ် ရေသယ်ယာဉ်များကို ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။