ဟက်ကာနီ အကြမ်းဖက်ကွန်ရက် ခေါင်းဆောင် သေဆုံးသွားပြီဟု အာဖဂန် တာလီဘန်တို့ ကြေညာ

.

စက်တင်ဘာ ၄ ။            ။ အာဖဂန်နစ္စတန်နိုင်ငံရှိ အဓိက လက်နက်ကိုင်အကြမ်းဖက် အဖွဲ့တစ်ခုဖြစ်တဲ့ ဟက်ကာနီ ကွန်ရက် တည်ထောင်သူ ဂျာလာလူဒင် ဟက်ကာနီဟာ ယခုအခါ သေဆုံးသွားပြီ ဖြစ်ကြောင်း ယင်းအဖွဲ့ရဲ့ မဟာမိတ် အာဖဂန် တာလီဘန်တို့က အတည်ပြုကြေညာသွားပါတယ်။

ဂျာလာလူဒင် ဟက်ကာနီဟာ ကာလကြာ နာမကျန်းဖြစ်ပြီးမှ သေဆုံးသွားခြင်းဖြစ်ကြောင်း တာလီဘန်တို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ယခုအခါ ၎င်းရဲ့ သားဖြစ်တဲ့ ဆီရာဂျူဒင် ဟက်ကာနီကတော့ ယင်းအဖွဲ့ကို ဆက်လက်ဦးစီးနေလျက်ရှိကြောင်းလည်း သိရပါတယ်။ ၎င်းကတော့ တာလီဘန်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် တစ်ဦးလည်းဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ဂျာလာလူဒင်ကတော့ ၁၉၈၀ ပြည့်နှစ်တုန်းက အာဖဂန်ကို ကျူးကျော်သိမ်းပိုက်တဲ့ ဆိုဗီယက်တို့ကို အမေရိကန်နဲ့ ပါကစ္စတန်အကူအညီနဲ့ တွန်းလှန်တိုက်ခိုက်ခဲ့သူ အာဖဂန် မူဂျာဟစ်ဒင် တပ်မှူးတစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။

၎င်းတည်ထောင်ခဲ့တဲ့ ဟက်ကာနီ အကြမ်းဖက်ကွန်ရက်ကတော့ ယင်းနိုင်ငံမှာ အတော့်ကို ကြောက်စရာကောင်းသည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် အဖွဲ့လည်း ဖြစ်ပါတယ်။