၂၅ နှစ်အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း ဂျပန်ကို ၀င်ရောက်

.

စက်တင်ဘာ ၄ ။           ။ နှစ်ပေါင်း ၂၅ နှစ်တာအတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်းတစ်ခု စက်တင်ဘာ ၄ ရက်က ဂျပန်မှာ ၀င်ရောက်ပြီး လေပြင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အရေးပေါ် ရွှေ့ပြောင်းရေး သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရကြောင်း နိုင်ငံရဲ့ မိုးလေ၀သ အေဂျင်စီက ထုတ်ပြန်ပါတယ်။

ယခု ဂျပန်မှာ ၀င်ရောက်တဲ့ တိုင်ဖွန်း ဂျက်ဘီကတော့ တစ်နာရီ လေတိုက်နှုန်း ၂၁၆ ကီလိုမီတာ (၁၃၅ မိုင်) နှုန်းနဲ့အတူ နိုင်ငံအနောက်ပိုင်းကို ဦးတည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

 ယခု မုန်တိုင်းဝင်ရောက်တဲ့ ဧရိယာ အနီးအနားဝန်းကျင်ဆိုရင်လည်း ယခုနွေကာလအစောပိုင်းက စံချိန်တင် မိုးကြီးမှုကြောင့် လူအသေအပျောက်များခဲ့တဲ့ ဒေသလည်း ဖြစ်နေပါတယ်။

မုန်တိုင်း ၀င်ချိန် ပြည်သူတွေအနေနဲ့ ဘေးကင်းရာ ပြောင်းရွှေ့ခိုလှုံနေကြဖို့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက တိုက်တွန်းထားသလို ဒေသခံတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့ အစိုးရအဖွဲ့ကိုလည်း ညွှန်ကြားထားပါတယ်။

မုန်တိုင်းကြောင့် ရေကြီးမှု၊ မြေပြိုမှု ၊ လေပြင်းကျရောက်မှု၊ ဒီရေတက်မှု၊ မိုးကြိုးပစ်မှု စတဲ့ ဖြစ်စဉ်တွေကိုလည်း သတိထားကြဖို့ ဂျပန်မိုးလေ၀သ ဌာနက သတိပေးချက်ထုတ်ထားပါတယ်။

ယင်းရဲ့ ဗဟိုချက်မှာ တစ်နာရီ လေတိုက်နှုန်း ၂၁၆ ကီလိုမီတာ နှုန်းရှိတဲ့ ဂျက်ဘီမုန်တိုင်းကတော့ ၁၉၉၉ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးသော တိုင်ဖွန်းမုန်တိုင်းဖြစ်ကြောင်း ယင်း အေဂျင်စီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Ryuta Kurora က ပြောသွားပါတယ်။