ဖီဖာဘောလုံးအဖွဲ့ချုပ်ရဲ့ ပိတ်ပင်အရေးယူမှုကို အယူခံဝင်သွားမယ့် ပါလက်စတိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ

.

(ဓာတ်ပုံ - အီးပီအေ)

ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟာ ပရိသတ်တွေ မက်ဆီကို ဆန့်ကျင်လှုံ့ဆော်ဖို့ ပြောဆိုခဲ့မှုအတွက် ဖီဖာရဲ့ ၁၂ လကြာ ပိတ်ပင်အရေးယူမှုကို ဆန့်ကျင်ပြီး အယူခံဝင်သွားမယ်လို့ ပြောဆိုခဲ့ပြီး ဒါဟာ တရားမျှတမှု မရှိမှုနဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ချက်တစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။

ဖီဖာဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့လက ပါလက်စတိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျီဗေးရာဂျော့ဘ်ကို  ဘောလုံးပွဲစဉ်တွေ ကြည့်ရှုတက်ရောက်ခွင့်နဲ့ ဘောလုံးနဲ့ဆက်နွယ်တဲ့ လှုပ်ရှားမှုတွေမှာ မပါဝင်ဖို့ တစ်နှစ် ပိတ်ပင်ခဲ့ပြီး ဆွစ်ဖရန့် ၂၀၀၀၀ (ဒေါ်လာ ၂၀၆၀၀) ဒဏ်ငွေပေးဆောင်စေခဲ့ပါတယ်။

ပါလက်စတိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျီဗေးရာဂျော့ဘ်က အစ္စရေးလ်အသင်းနဲ့ ခြေစမ်းပွဲစဉ်ကစားခဲ့မယ်ဆိုရင် ပရိသတ်တွေအနေနဲ့ မက်ဆီရဲ့ ဓာတ်ပုံတွေနဲ့ ဂျာစီတွေကို မီးရှို့ပစ်သင့်ကြောင်း ပြောဆိုခဲ့တဲ့နောက် “မုန်းတီးရန်လိုမှုနဲ့ အကြမ်းဖက်မှု လှုံ့ဆော်မှု”အတွက် အခုလို ဖီဖာက အရေးယူခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလာပြိုင်ပွဲမတိုင်ခင် ဇွန်လ ၉ ရက်က အစ္စရေးလ်အသင်းနဲ့ ဂျေရုစလင်မြို့မှာ ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားခဲ့ဖူးပြီး ဘာစီလိုနာကြယ်ပွင့်ကို အသင်းမှာ ပါဝင်မကစားဖို့ ရာဂျော့ဘ်က တောင်းဆိုခဲ့ပါတယ်။ တကယ်လို့ သူ ပါဝင်ကစားခဲ့မယ်ဆိုရင် မက်ဆီရဲ့ ဓာတ်ပုံနဲ့ ဂျာစီတွေကို မီးရှို့ပစ်ဖို့ ပရိသတ်တွေကို နှိုးဆော်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အာဂျင်တီးနားအသင်းဟာ အစ္စရေးလ်နဲ့ ခြေစမ်းမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

“’ဒါဟာ မတရားမှုနဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ချက်တစ်ခု၊ အစ္စရေးလ်ရဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။”လို့ ရာဂျော့ဘ်က ဒီတိုင်ကြားချက်ဟာ အာဂျင်တီးနားဆီက လာတာမဟုတ်ဘဲ အစ္စရေးလ်ဘောလုံးအဖွဲ့ချုပ်ကနေလာတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ညွှန်ဆိုပြောခဲ့ပါတယ်။

“အမှန်ပါ။ ကျနော်တို့ ဖီဖာကော်မတီတွေကို လေးစားပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဆက်လက် လိုက်နာဖြစ်သလို လေးစားမှာလည်းဖြစ်ပါတယ်။ ဒီအခြေအနေအရ ကျနော်တို့ အယူခံဝင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပါလက်စတိုင်းနိုင်ငံနဲ့ ပါလက်စတိုင်းကစားသမားတွေကို ဆန့်ကျင်တဲ့ မတရားမှုတွေ တွေ့ရှိမယ်ဆိုရင် တိုက်ဖျက်သွားဖို့ ဆက်ပြီး ကြိုးပမ်းအားထုတ်သွားမှာဖြစ်တယ်။”လို့ သူက ပြောပါတယ်။

Ref; AFP