ကွဲကွာနေသည့်မိသားစုများ ပြည်လည်တွေ့ဆုံပွဲကျင်းပရန် ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးပွဲများ စတင်

ကွဲကွာနေသည့်မိသားစုများ ပြည်လည်တွေ့ဆုံပွဲကျင်းပရန် ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးပွဲများ စတင်

ဆိုးလ်၊ စက်တင်ဘာ - ၇ ။         ။ ၁၉၅၀ အစောပိုင်းနှစ်များက ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာသွားကြရသည့် မိသားစုများ ပြန်လည်ပေါင်းစည်းပွဲ ကျင်းပရေးဆွေးနွေးပွဲများ ကိုမြောက်နှင့်တောင် ကိုရီးယားနှစ်နိုင်ငံက ဖွင့်လှစ်ခဲ့ကြသည်။

နှစ်ဖက်စလုံးမှ ကြက်ခြေနီအရာရှိများက စက်တင်ဘာလ ၇ရက်နေ့က နယ်စပ်အပစ်ရပ်ရွာ ပန်မွန်ဂျမ်တွင် ဆွေးနွေးပွဲများကို စတင်ခဲ့ကြသည်။

လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်က အန္တရာယ်ကြီးမားသော စစ်ရေးထိပ်တိုက်တွေ့မိ အဆုံးသတ်ပြီး နယ်စပ်တင်းမာမှုများ လျှော့ချရန် ကိုရီးယားနှစ်နိုင်ငံ သဘောတူညီချက်ရပြီးနောက်တွင် ကွဲကွာနေသည့် မိသားစုများ ပြန်လည်ပေါင်းစည်းပွဲ ကျင်းပရေးဆွေးနွေးပွဲများ ပြန်လည်စတင်လာနိုင်ခဲ့ခြင်းပင်ဖြစ်သည်။  

တနင်္လာနေ့ ဆွေးနွေးပွဲများမှာ ၅နှစ်အတွင်း ဒုတိယအကြိမ်ဖြစ်သည့် မိသားစုပြန်လည်ပေါင်းစည်းရေးပွဲ ကျင်းပမည့် နေ့ရက်နှင့် နေရာကို သတ်မှတ်အတည်ပြုရန် အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ နှစ်ဖက်စလုံးမှုာ ပြတ်သားသည့် သဘောတူညီချက်တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ပြန်လည်ပေါင်းစည်းရေးပွဲကိုမူ အောက်တိုဘာလ အစောပိုင်းတစ်ရက်ရက်တွင် မြောက်ကိုရီးယားဘက်မှ Mount Kumgang အပန်းဖြေနေရာတွင် ကျင်းပမည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။

ကိုရီးယားကျွန်းဆွယ်ကို နှစ်နိုင်ငံကွဲထွက်သွားစေခဲ့သည့် ၁၉၅၀-၅၃စစ်ပွဲအတွင်း လူသန်းပေါင်းများစွာမှာ ကွဲကွာခဲ့ကြရသည်။ လူများစွာမှာ နယ်စပ်တစ်ဖက်နိုင်ငံမှ မိသားစုများ ကိုမြင်ခွင့်ကြားခွင့်ပင်မရ လိုက်ဘဲ သေဆုံးသွားခဲ့ရသည်။

၂၀၀၀ခုနှစ် သမိုင်းဝင် တောင်မြောက်ညီလာခံအပြီးတွင် မိသားစုများပြန်လည်ပေါင်းစည်းရေးအစီအစဉ် စတင်လာခဲ့ပြီး ကနဦးက နှစ်စဉ်ကျင်းပရန် သတ်မှတ်ထားခဲ့ကြသည်။ သို့ရာတွင် နယ်စပ်ဖြတ်ကျော် ဆက်ဆံရေးများ တင်းမာလာခဲ့သောကြောင့် လွန်ခဲ့သော၅နှစ်အတွင်း တစ်ကြိမ်သာလျှင် ကျင်းပနိုင်ခဲ့ပြီး အကြိမ်အတော်များများကို မြောက်ကိုရီးယားဘက်မှ နောက်ဆုံးမိနစ်တွင်မှ ကပ်ပြီး ပယ်ဖျက်ပစ်ခဲ့ သည်။

၂၀၁၄ခုနှစ်က မိသားစုပြန်လည်ပေါင်းစည်းပွဲအတွက် အသက်အရွယ်နှင့် မိသားစုနောက်ခံများကို ထည့်သွင်းစဉ်းစား၍ လျှောက်ထားသူ၅၀၀ကို ကွန်ပျူတာစနစ်ဖြင့် ကျပမ်းရွေးချယ်ခဲ့သည်။

အင်တာဗျူးများ၊ ဆေးစစ်မှုများ ပြုလုပ်အပြီးတွင် အရေအတွက်ကို ၂၀၀အထိ လျှော့ချခဲ့ရာ နှစ်ဖက်စလုံးတွင် ဆွေမျိုးများ သက်ရှိထင်ရှား ရှိမရှိကို စစ်ဆေးပြီးနောက်တွင် နောက်ဆုံးတွေ့ဆုံနိုင်သည့် လူ ၁၀၀ကို စာရင်းထုတ်ပြန်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly