ကက်ရှ်မီးယားမှာ ရှာဖွေစီးနင်းမှုများ ပြုလုပ်စဉ် လူ တစ်ဦး သေဆုံး

.

ကက်ရှ်မီးယား၊ စက်တင်ဘာ ၄ ။              ။ မငြိမ်မသက် နယ်မြေတွေဖြစ်တဲ့ အရှေ့မြောက်ပိုင်း ဂျမ်မူးနဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ သောင်းကျန်းသူတွေကို အကြီးစား ရှာဖွေစီးနင်းမှုများ ပြုလုပ်ချိန်မှာ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပြီး လူတစ်ဦး သေဆုံးပါတယ်။

ပူဝါမာ အရပ်မှာ အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖာရက်ဇ်အာမတ်ဆိုတဲ့ လူကို ထိပ်တိုက်တွေ့မှုအတွင်းမှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခဲ့တာပါ။

ဂျမ်မူး၊ ကက်ရှ်မီးယားရဲ့ မြို့တော် သီရိနာဂါက ဆေးရုံကို သူ့ကို တင်ပို့ခဲ့ပေမယ့် အသက်မမှီတော့ကြောင်း ဆရာဝန်တစ်ဦးက ပြောပါတယ်။

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ သတင်းအချက်အလက် ရရှိရေး ဒေသတွင်းက မြို့နယ်နဲ့ ကျေးရွာပေါင်း ဆယ့်တစ်ရွာမှာ ရှာဖွေစီးနင်းမှုတွေ လုပ်ဆောင်နေတာဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။

ကက်ရှ်မီးယား ခွဲထွက်ရေးဝါဒီတွေကို ထိန်းချုပ်နိုင်ရေး ပုံမှန်လုပ်ဆောင်နေကြ လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် အခု ရှာဖွေစီးနင်းမှုကို လုပ်ဆောင်တာဖြစ်တယ်လို့ ပူဝါမာရဲဌာနရဲ့ ပြောခွင့်ရသူ ချန်ဒန်ခိုလီက ပြောပါတယ်။

အိန္ဒိယ ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသဟာ မွတ်စလင်အများစုဒေသဖြစ်ပြီး ခွဲထွက်ရေး လှုပ်ရှားသူတွေနဲ့ မတည်မငြိမ်ဖြစ်ရာ ဒေသလည်းဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်က ဗြိတိသျှလက်အောက်က လွတ်လပ်ရေးရပြီးနောက်မှာ ပါကစ္စတန်နဲ့ အိန္ဒိယဟာ ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်ရေးမှာ အငြင်းပွားနေတာပဲ ဖြစ်ပါတယ်။