သုံးခွအနီးသောင်တင်သဘောင်္နှင့်ပတ်သက်ပြီး ပြန်ဆယ်ယူရေးကို သဘောင်္ကုမ္ပဏီ လုပ်ဆောင်မည်

.

 ဓာတ်ပုံ-တပ်မတော်(ရေ)

စက်တင်ဘာ ၃ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သမစိတ္တကျေးရွာအနီးတွင် ရေမိုင် ၇ မိုင်ခန့်အကွာ၌  သောင်တင်နေသော Sam Ratulangi အမည်ရှိ သဘောင်္အားပြန်လည်ဆယ်ယူရေးအပြင် ဆွဲသင်္ဘော Independence နှင့် သဘောင်္အမှုထမ်းများကိစ္စ အား သက်ဆိုင်ရာာဝန်ရှိသူများထံ ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည် ဟု သဘောင်္ကုမ္ပဏီထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၃ ရက် ည ၇ နာရီခန့် ဆူးလေရှန်ဂရီလာဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သဘောင်္ကုမ္ပဏီတာဝန်ရှိသူများက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သဘောင်္ဖျက်စက်ရုံတွင် ဖျက်ဆီးရန် စာချုပ်စာတမ်းများ ချုပ်ဆိုထားပြီး  အင်ဒိုနီးရှားမှ ဘင်္ဂလားဒေ့ရှ်သို့ ဆွဲယူရာတွင် စင်ကာပူအခြေစိုက် First Capital ကုမ္ပဏီတွင် အာမခံထားကြောင်း သဘောင်္ဆွဲယူလာခြင်း ရည်ရွယ်ချက်အကြောင်း ပြောသည်။

Palau ကျွန်းစု နိုင်ငံမှတ်ပုံတင်ထားပြီး Ocean Solution Marine time Management Sdn Bhd ကုမ္ပဏီပိုင် သင်္ဘောဖြစ်ပြီး သြဂုတ်လ ၂၅ ရက်က ရာသီဥတုဆိုးဝါးမှုကြောင့် ချိတ်ဆက်ထားသည့်ကြိုးပြတ်ကာ မြန်မာနိုင်ငံ အတွင်းသို့ မျောပါသွားခြင်း ဖြစ်ကြောင်း ကုမ္ပဏီဘက်မှ ဆိုသည်။

ထို့ကြောင့် ဆွဲသင်္ဘော Independence မှ အကြိမ်ကြိမ်ပြန်ဆွဲယူရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ဘဲ ဆွဲသင်္ဘောနှင့် အမှုထမ်းများကို တပ်မတော်(ရေ)မှ တွေ့ရှိထိန်းသိမ်းခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

တပ်မတော်(ရေ)ကမူ စက်တင်ဘာလ ၁ ရက်၊ နံနက် ၁၀ နာရီတွင် မြန်မာ့ကမ်းရိုးတန်းနှင့် မိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်အတွင်း တစ်ဖက်နိုင်ငံရေပြင်သို့ ဦးတည်ခုတ်မောင်းလျက်ရှိသော Independence အမည်ရှိ ပင်လယ်သွား တွဲဆွဲရေယာဉ်အား တွေ့ရှိခဲ့ပြီး စစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် စစ်ဆေးမေးမြန်းချက်များအရ တွဲဆွဲရေယာဉ်၏ ပိုင်ရှင်မှာ မလေးရှားနိုင်ငံမှဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံသား အမှုထမ်း ၁၃ ဦးပါဝင်ပြီး စစ်တောင်းမြစ်ဝအနီး သောင်တင်ခဲ့သည့် Sam Ratulangi ရေယာဉ်အား အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သင်္ဘောဖျက်စက်ရုံသို့ ပို့ဆောင်ရန် သြဂုတ် ၁၃ ရက်တွင် Independence အမည်ရှိ ပင်လယ်သွားတွဲဆွဲရေယာဉ်ဖြင့် တွဲဆွဲပြီး ထွက်ခွာခဲ့ကြောင်း၊ သြဂုတ် ၂၆ ရက်တွင် ရန်ကုန်မြစ်ဝတောင်ဘက်သို့ရောက်ရှိစဉ် ရာသီဥတုဆိုးရွားမှုကြောင့် တွဲဆွဲကြိုးအချို့ ပြတ်တောက်ကာ ရေယာဉ်မှာ ရေစီးကြောင်းနှင့်အတူ မျောပါကာ ဆက်လက်သွားရောက်ရန် အခက်အခဲ ရှိသဖြင့် ယခုနေရာအနီးတွင် ထားရှိခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းဖော်ထုတ်ရရှိခဲ့ကြောင်း တပ်မတော်(ရေ) မှ ထုတ်ပြန်ထားသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာလ ၃ ရက်တွင် ဆွဲသဘောင်္ Independence အား တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ စစ်ရေယာဉ် ၅၆၆ အကူအညီဖြင့် ခုတ်မောင်းခဲ့ပြီး Independence  သဘောင်္တွင် ပါရှိသည့် ရေယာဉ်မှူးနှင့် သင်္ဘောဝန်ထမ်း ၁၃ ဦးအား တပ်မတော်(ရေ)ထံ လွှဲပြောင်းခဲ့ကြောင်း စက်တင်ဘာလ ၃ ရက် ည ၈ နာရီခန့်တွင် ထုတ်ပြန်ချက်အရ သိရသည်။