NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

နာဂတွင် တုပ်ကွေးရောဂါတစ်မျိုးကြောင့် ရွာလုံးကျွတ်ဖျားနာပြီး ကလေးငယ် ၄ ဦးသေဆုံး

.

ရန်ကုန်၊ စက်တင်ဘာ ၃ ။         ။ နာဂဒေသ၊ နန်းယွန်းမြို့နယ်ရှိ လန်းပန်းကျေးရွာတွင် တုပ်ကွေးရောဂါတစ်မျိုးကို တစ်ရွာလုံးနီးပါး ဖြစ်ပွားနေပြီး ကလေးငယ် ၄ ဦးအထိ သေဆုံးခဲ့ရကြောင်း နန်းယွန်းမဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်ကပြောသည်။

အဆိုပါ ရောဂါကြောင့်သြဂုတ်လ၂၅ ရက်တွင် အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး၊ သြဂုတ် ၂၆ ရက်တွင် အသက် ၂နှစ်ခွဲအရွယ် မိန်းကလေး တစ်ဦး၊ သြဂုတ်လ ၂၈ ရက်တွင် ၁လအရွယ် မိန်းကလေး တစ်ဦးသေဆုံးခဲ့ရသည်။

“ သေဆုံးမှုက စက်တင်ဘာ ၂ ရက်နေ့မှာ တစ်ယောက်ထပ်ဆုံး တယ် လို့ကြားတယ်။ ၄ယောက်ဖြစ် သွားပြီပေါ့” ဟု ဦးစိမ်းမောင်ကပြောသည်။

လန်းပန်းကျေးရွာတွင် အိမ်ခြေ ၆၁ အိမ်၊ လူဦးရေ ၄၂၈ ယောက်ရှိပြီး သြဂုတ်လ ၂၃ ရက်နေ့မှစတင်ကာ ဖျားနာခဲ့ကြခြင်းဖြစ်ကြောင်း လည်းသိရသည်။

လန်းပန်းကျေးရွာသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် တုပ်ကွေးရောဂါဖြစ်ပွားနေသည့်သတင်းကို စက်တင်ဘာ၂၈ ရက်မှသာ သိရှိခဲ့ရပြီး ၂၉ ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဆရာဝန် အချို့ပါဝင်သောအဖွဲ့မှ ကွင်းဆင်းခဲ့ကြကြောင်း သိရသည်။

 “ ကျွန်တော်တို့ကလူနာကိုမရေတွက်နိုင်ဘူး။ ကျန်းမာတဲ့လူကိုပဲ ရေတွက်တာက ၆၈ ယောက် ကတော့ သွားနိုင်လာနိုင်ရှိပေမယ့် သူတို့လည်း အိပ်ယာပေါ်မလဲ တာပဲရှိတယ်ပေါ့နော်။ နောက်ပြီး ရွာလူကြီး ပြောတာ ပေါ့နော်။ သူတို့ရွာမှာ သန်သန်မာမာသွားနိုင်လာနိုင်တဲ့လူငယ်လည်း ၄၊ ၅ ယောက်ယောက်ပဲရှိ တယ်လို့ ပြောပါတယ်” ဟု နန်းယွန်းမဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင် ကဆိုသည်။

ထို့ကြောင့် လတ်တလောစားဝတ်နေရေးအဆင်ပြေစေရန် ရိက္ခာတချို့ကိုထောက်ပံ့ပေးခဲ့သော်လည်း ကျေးရွာတွင်အချိန်ပြည့် ကြည့်ရှုကုသပေးမည့် ဆရာဝန်မရှိကြောင်း သိရသည်။

သြဂုတ်လအတွင်း နန်းယွန်းမြို့နယ်၊  ဒုံဟီးနယ်တွင်ရှိသည့် ၀န်ရုတ်၊ ဟဟောင်၊ ရှိတ်ညို စသည့် ကျေးရွာ များတွင် ရာသီတုပ်ကွေးကြောင့် ဖျားနာသူ ၁၄၁ ဦး ရှိခဲ့သော်လည်း ကျန်းမာရေးဌာနက အချိန်မီ ရောက်နိုင်ခဲ့သောကြောင့် အသက်ဆုံးရှုံးသူမရှိခဲ့ကြောင်းသိရသည်။

နာဂဒေသတွင် လွန်ခဲ့သည့်နှစ်များကလည်း အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သည့် တုပ်ကွေးရောဂါ တစ်မျိုး ဖြစ်ပွားခဲ့ပြီး လူရာချီကူးစက်ခံခဲ့ရကာ လူ ၂၀ ထက်မနည်းအသက်ဆုံးရှုံးခဲ့ရဖူးသည်။