တရုတ်တို့ရဲ့ စစ်ရေးပိုင်း အရှိန်မြင့်လှုပ်ရှားလာနေမှုအပေါ် ဂျပန် ထုတ်ဖော်သတိပေး

.

စက်တင်ဘာ ၃ ။        ။ လက်ရှိကာလမှာ တရုတ်၊ ရုရှားတို့အနေနဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေကြပြီး မြောက်ကိုရီးယားတို့ကလည်း ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်တာကြောင့် ဂျပန်တို့အနေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ခက်ခဲတင်းမာတဲ့ ပတ်ဝန်းကျင်တစ်ခုနဲ့ ရင်ဆိုင်နေရကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။

တရုတ်တို့အနေနဲ့ ပြီးခဲ့တဲ့ နှစ်အတွင်း ယင်းရဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုတွေကို တစ်ဘက်သက် အရှိန်မြင့်လုပ်ဆောင်ထားခဲ့ပြီး ဂျပန်နိုင်ငံအနီးတစ်ဝိုက်မှာ လေကြောင်း လှုပ်ရှားမှုတွေ ဆောင်ရွက်တာ၊ အငြင်းပွား အရှေ့ပိုင်းကျွန်းစုတွေအနီး နျူကလီးယားရေငုပ်သင်္ဘော ဖြတ်ခုတ်မောင်းတာတို့ လုပ်ဆောင်ထားကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး အိဆုနိုရီ အိုနိုဒဲရားက ပြောပါတယ်။

" တရုတ်တို့ဟာ သူတို့ရဲ့ စစ်အင်အားကို အလျင်အမြန် တိုးတက်အောင်လုပ်ထားပါတယ်၊ နောက်ပြီး စစ်ရေးလှုပ်ရှားမှုတွေကို မြန်မြန်ဆန်ဆန် လုပ်နေပါတယ်" လို့ ၎င်းက ဂျပန် ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ပြောသွားပါတယ်။

ဒါဟာ ပေကျင်းနဲ့အကြား တင်းမာနေတဲ့ သံတမန်ဆက်ဆံရေးကို တိုးတက်ဖို့ တိုကျိုတို့ဘက်က လုပ်ဆောင်နေစဉ်မှာပဲ ယခုလို ကာကွယ်ရေးဝန်ကြီးရဲ့ မှတ်ချက်ပြု စကား ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။