အိုဘားမားကို ဆဲရေးတိုင်းထွာခဲ့မိခြင်းအတွက် ဒူတာတေး ပြန်တောင်းပန်

.

စက်တင်ဘာ ၃ ။         ။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ယခင်အမေရိကန်သမ္မတဟောင်း ဘရက်ခ် အိုဘားမားအား "မိန်းမပျက်သား" ဟု ဆဲရေးစော်ကားခဲ့မှုအတွက် ယခုအခါ ပြန်လည် တောင်းပန်စကား ဆိုသွားခဲ့တယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်တုန်းက အိုဘားမားကို ဒူတာတေးက အထက်ပါအတိုင်း ဆဲရေးတိုင်းထွာခဲ့သည့်အတွက် ကာလကြာ မဟာမိတ်ဖြစ်ခဲ့တဲ့ နှစ်နိုင်ငံအကြား ဆက်ဆံရေးအပေါ် ထိခိုက်စေခဲ့ရပါတယ်။

ယင်းအချိန်တုန်းက ၎င်းရဲ့ ကြမ်းတမ်းတဲ့ မူးယစ်နှိမ်နင်းမှု စစ်ပွဲအပေါ် အမေရိကန်ဘက်က ပြစ်တင်ဝေဖန်ခဲ့သည့်အတွက် ဒူတာတေးက အိုဘားမားကို ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်ပြောဆိုမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာတော့ အမေရိကန်နဲ့ ဖိလစ်ပိုင်အကြား ဆက်ဆံရေးက တိုးတက်လာနေပြီ ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတက ပြောသွားပါတယ်။

" ခုချိန်မှာတော့ သာမန် အရပ်သားတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ မစ္စတာ အိုဘားမားကို ကျွန်တော် ပြောချင်တာက ဒီလိုမျိုး စကားအသုံးအနှုန်းတွေ သုံးခဲ့တဲ့အတွက် ကျွန်တော့်ဘက်က တောင်းပန်ချင်တယ်ဆိုတာပါပဲ" ဆိုပြီး ဒူတာတေးက အစ္စရေးနိုင်ငံသို့ ရောက်ရှိစဉ် လူထုအစည်းအဝေးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးကတော့ လက်ရှိအချိန်မှာ အစ္စရေးကို လေးရက်ကြာခရီး ရောက်ရှိနေပြီး စစ်လက်နက်ဝယ်ယူရေး ကိစ္စတွေဆွေးနွေးသွားဖို့ ရှိနေပါတယ်။