လက်ရှိကစားသမားစာရင်းကို ကျေနပ်မှုရှိတယ်လို့ ပြောတဲ့ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ

.

(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက နွေရာသီအပြောင်းအရွှေ့ပိတ်သိမ်းပြီးနောက် နူးကမ့်ရဲ့ လက်ရှိ ကစားသမားအင်အားကို အားရကျေနပ်မှုရှိတယ်လို့ ပြောဆိုသွားပါတယ်။

လက်ရှိလာလီဂါချန်ပီယံအသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ချီလီကွင်းလယ်လူ ဗီဒယ်၊ ဘရာဇီးကွင်းလယ်လူ အာသာ၊ ပြင်သစ်နောက်ခံလူ လန်လက်နှင့် ဘရာဇီးတောင်ပံကစားသမား မယ်လ်ကွန် စုစုပေါင်း ကစားသမား ၄ ဦးကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

“အပြောင်းအရွှေ့ ဈေးကွက်ပိတ်သိမ်းပြီးတဲ့နောက်မှာ ကျနော် ကျေနပ်အားရမိပါတယ်။ ကျနော်တို့ ကစားရမယ့် ပွဲစဉ်တွေအတွက် လုံးဝအာရုံစူးစိုက်နိုင်ပါပြီ။ အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ ပျော်ရွှင်ပါတယ်။”လို့ နည်းပြ ဗယ်လ်ဗာဒီက ပြောပါတယ်။

ဗယ်လ်ဗာဒီက ရီးယဲလ်ဘက်တစ်ဆီ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ရာဖင်ဟာဟာ ဘာစီလိုနာမှာပဲ ရှိနေမယ်ဖြစ်တာကြောင့် သူအနေနဲ့ စိတ်သက်သာရာရခဲ့ကြောင်း ပြောပါတယ်။

“ကျနော်တို့ ရာဖင်ဟာနဲ့ စကားပြောဆိုခဲ့ပါတယ်။ အဲဒါကတော့ သီးခြားတွေ့ဆုံ ပြောဆိုမှုတွေပါ။ သူက ကျနော်တို့နဲ့ အတူရှိနေမှာပါ။ ဒါက အရေးပါတဲ့ အရာဖြစ်ပါတယ်။ သူက ကျနော်တို့ကို ကူညီနိုင်မယ်လို့ ထင်ပါတယ်။ ဒါကတော့ လေ့ကျင်းရေးအစီအစဉ်တွေနဲ့ ပွဲစဉ်တွေမှာ သူ့ရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပါတယ်။ ဒါပေမယ့် သူဟာ ကစားသမားတစ်ယောက်မှာ ရှိရမယ့် အရည်အချင်းကောင်း အများကြီးရှိပါတယ်။ ဒါကို ကျနော်တို့ အသုံးချတတ်ဖို့ပဲ လိုပါတယ်။”လို့ သူက ဆိုပါတယ်။

စပိန်လက်ရွေးစင်လူစာရင်းမှာ အရွေးမခံရတဲ့ ဂျော်ဒီအယ်လ်ဘာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ နည်းပြ ဗာလ်ဗာဒီက ကစားသမားကို လူစာရင်းမှာ အရွေးမခံရတဲ့အပေါ် တွေးတောမနေဘဲ ကလပ်အသင်းနဲ့ ပွဲစဉ်တွေပေါ် အာရုံစိုက်ဖို့နဲ့ တစ်ချိန်မှာ စပိန်အသင်းမှာ ပြန်လည် ပါဝင်ခွင့်ရလာနိုင်ကြောင်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မျာ ဟူဆကာအသင်းကို အိမ်ကွင်း နူးကမ့်မှာ ၈-၂ ဂိုး ရလဒ်နဲ့ ပြတ်ပြတ်သားသားအနိုင်ယူပြီး အမှတ်ပေးဇယားကို ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်လိုက်ပါတယ်။ ဒါဟာ နည်းပြ ဗယ်လ်ဗာဒီရဲ့ လက်ထက် အကြီးမားဆုံး နိုင်ပွဲကို ရယူလိုက်နိုင်တာလည်းဖြစ်ပါတယ်။

Ref; EFE-EPA