တောမီးတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတဲ့ ကယ်လီဖိုးနီးယား မီးသတ်သမားများ

.

စက်တင်ဘာ ၃ ။        ။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြီးခဲ့တဲ့လတွေအတွင်း တောမီးတွေ အကြီးအကျယ် လောင်ကျွမ်းထားခဲ့ပြီးနောက်မှာတော့ ယခုအခါ ပြည်နယ်မှာ ရှိတဲ့ မီးသတ်သမား ၄,၀၀၀ လောက်ကတော့ စိတ်ရောကိုယ်ပါ ထိခိုက်မှုတွေနဲ့အတူ ခြေကုန်လက်ပန်းကျပြီး ကျန်ရစ်ခဲ့ကြပါတယ်။

သဘာဝဘေးတစ်ရပ်ဖြစ်တဲ့ တောမီးလောင်ကျွမ်းမှုမှာ ရှေ့ဆုံးတန်းကနေ နာရီပေါင်းများစွာကြာ ရောက်ရှိ ငြှိမ်းသတ်ခဲ့ရတာ၊ နောက်ပြီး မီးငြှိမ်းးသတ်မှုတွေအတွင်း အသေအပျောက်တွေ တိုးပွားလာတာကို မျက်မြင် တွေ့ရှိရတာ၊ မီးသတ်သမားတွေကိုယ်တိုင် အသက်ပေးသွားတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာ စတာတွေကြောင့် အဆိုပါ မီးသတ်သမားတွေအတွက်ကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှု ဆိုးကျိုးတွေနဲ့ မလွဲမသွေ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ပြည်နယ်ရဲ့ မီးသတ်သမားတစ်ဦးဖြစ်တဲ့ မက် ရှိုဘာ့တ် ဆိုရင်လည်း ဒီလိုမျိုး ဖြစ်ရပ်ဆိုးတွေကြောင့် သေချင်လောက်အောင် အတွေးမျိုးဝင်ခဲ့မိတယ်လို့ ဆိုပါတယ်။ ဒီလို အတွေးမျိုးကို ပြီးခဲ့တဲ့ လေးနှစ်လောက်အတွင်း ထပ်တလဲလဲ ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

ခုလို စိတ်ခံစားချက်မျိုး ဖြစ်နေတာ သူတစ်ယောက်တည်းတော့မဟုတ်ပါဘူး။ သူနဲ့အတူ တောမီးငြှိမ်းသတ်ခဲ့တဲ့ ရဲဘော်ရဲဘက်တစ်ချို့လည်း ဒီလိုမျိုး စိတ်တက်ကြွမှုမရှိတော့ဘဲ  ဖြစ်နေတယ်လို့ ဆိုပါတယ်။ တစ်ချို့ဆိုရင် စိတ်ဒဏ်ရာတွေကို မခံစားနိုင်တော့လို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားတဲ့အထိတောင် ရှိတယ်လို့ သိရပါတယ်။

တကယ်တမ်းမှာတော့ တောမီးငြှိမ်းသတ်ရတဲ့ အလုပ်ဆိုတာကတော့ နေ့စဉ်ရက်ဆက် ခြေကုန်လက်ပန်းကျပြီး မပြီးနိုင်မစီးနိုင် လုပ်ရတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မီးတောက်တွေကို အညွန့်ကျိုးသွားအောင် အချိန်ပြည့် အားအပြည့်စိုက်ထုတ်ပြီး လုပ်ရသူတွေရဲ့ စိတ်တွေထဲမှာ သေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေက ကြီးကြီးမားမား သက်ရောက်သွားစေတယ်လို့ သိရပါတယ်။

" တကယ်တော့ မီးသတ်သမားတွေဆိုတာက မီးတောက်တွေ ရှေ့မှာ နာရီပေါင်း ၁၂ နာရီကနေ ၃၆ နာရီအထိ ဆက်တိုက် ငြှိမ်းနေရတာဖြစ်တော့ သူတို့ဟာ ခန္ဓာကိုယ်ပိုင်းအရလည်း ခြေကုန်လက်ပန်းကျမှာဖြစ်သလို စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်သွားဖို့ ရှိပါတယ်၊ ဘာလို့ဆိုတော့ ဒီ မီးတောက်တွေထဲမှာပဲ မီးသတ်သမားတွေက အသက်တွေ ပေးသွားရတာလေ၊ သူတို့ ဒီတောမီးတွေကြောင့် သေနေကြရပါတယ်" ဆိုပြီး ပြည်နယ်ရဲ့ မီးသတ်ဌာနအကြီးအကဲ တိုနီ ဘွန်မာရီတိုက ပြောသွားပါတယ်။

ကယ်လီဖိုးနီးယားကတော့ အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုတွေ ရှိခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ယခုနှစ်အတွင်း မီးငြှိမ်းသတ်ရင်း သေဆုံးသွားတဲ့ မီးသတ်သမား ငါးဦးအထိ ရှိခဲ့ပြီဖြစ်ပါတယ်။ အမေရိကန် တစ်နိုင်ငံလုံး အတိုင်းအတာ အရဆိုရင် မီးသတ်သမား ၆၄ ယောက်အထိ သေဆုံးထားခဲ့ပြီး ဖြစ်ပါတယ်။