နှစ် ၂၀၀ သက်တမ်းရှိ ဘရာဇီး အမျိုးသားပြတိုက်ကြီး မီးအကြီးအကျယ် လောင်ကျွမ်း

.

စက်တင်ဘာ ၃ ။            ။ ဘရာဇီးနိုင်ငံ ရီယို ဒီဂျနေးရိုးပြည်နယ်ရှိ နှစ်ပေါင်း ၂၀၀ သက်တမ်းရှိ အမျိုးသားပြတိုက်ကြီးတစ်ခု စက်တင်ဘာ ၂ ရက်က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အဆိုပါ  မီးလောင်မှုကြီးကြောင့် ပြတိုက်အတွင်း သိမ်းဆည်းသိုလှောင်ထားတဲ့ အဖိုးတန်အမွေအနှစ်ပစ္စည်းပေါင်း သန်း ၂၀ ကျော်လောက် ပျက်စီးသွားခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ရှေ့ဟောင်းသုတေသနဆိုင်ရာ အဖိုးတန်တွေ့ရှိချက်တွေကနေ စပြီး သမိုင်းဝင် အမှတ်တရပစ္စည်းတွေအပါအ၀င် အဖိုးတန်အမွေအနှစ်ပေါင်းများစွာ မီးလောင်ကျွမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

အဆိုပါ သမိုင်းဝင်အဆောက်အအုံကြီး ယခုလို မီးကျွမ်းလောင်ခံလိုက်ရခြင်းဟာ ဘရာဇီး တစ်နိုင်ငံလုံးအတွက်တော့ မမှန်းဆနိုင်လောက်အောင်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ခဲ့ကြောင်း ဘရာဇီးသမ္မတ မိုက်ကယ် တီမာက ထုတ်ပြန်သွားကပါတယ်။

" နှစ်ပေါင်း ၂၀၀ ကြာခဲ့တဲ့ လုပ်ဆောင်ချက်တွေ၊ သုတေသနတွေနဲ့ အသိပညာတွေ ဆုံးရှုံးလိုက်ရပါပြီ" ဆိုပြီး သမ္မတ တီမာ က ပြောသွားပါတယ်။

ယင်း ပြတိုက်ကြီး မီးလောင်ကျွမ်းရခြင်းရဲ့ အကြောင်းရင်းကိုတော့ လက်တလောမှာ မသိရသေးသလို ဆုံးရှုံးမှုတန်ဖိုး ပမာဏ အတိအကျနဲ့ အသေအပျောက်ထိခိုက်ဒဏ်ရာရမှု အခြေအနေတို့ကို တာဝန်ရှိသူတွေက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ယခု မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တဲ့ ဘရာဇီးပြတိုက်ကြီးကိုတော့ ၁၈၁၈ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး ပြတိုက်ကြီးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။