ရိုက်တာသတင်းထောက် ၂ ယောက်အမှု ထောင် ၇ နှစ်စီချခံရ

.

Photo: Lynn Bo Bo/EPA

စက်တင်ဘာ ၃ ။          ။ နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ ရိုက်တာသတင်းဌာန က ကိုသက်ဦးမောင် (ခ) ကိုဝလုံးနဲ့ ကိုကျော်စိုးဦး(ခ) မိုးအောင် တို့ကို ထောင်ဒဏ်(၇) နှစ်စီကျခံစေဖို့ အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှ စက်တင်ဘာလ ၃ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

အစိုးရက တရားလိုလုပ်ပြီး တရားစွဲဆိုခြင်းကို ခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးအမှုဟာ ၈ လကျော် ၉ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ဒီကနေ့ အပြီးသတ်အမိန့် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ရိုက်တာသတင်းထောက်များဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က " လုပ်စရာရှိတာ ဆက်လုပ်သွားမယ်။ ဒါပေမယ့် ဒီအမိန့်ချမှုကစိတ်ပျက်စရာပဲ" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၁၇ခုနှစ်ဒီဇင်ဘာလ(၁၂ )ရက်နေ့မှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လက်ထဲမှာ လျှို့ဝှက်စာရွက်စာတမ်းတွေလက်ဝယ်တွေ့ရှိတယ်လို့ဆိုပြီး ထောင်ဒဏ်(၁၄)နှစ်အထိချမှတ်နိုင်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။