ဈေးသူဈေးသားများ သဘောဆန္ဒ ရယူပြီးမှ သထုံမြို့မဈေးသစ် တည်ဆောက်သင့်ဟု ဆို

.

သထုံ၊ စက်တင်ဘာ၊ ၂ ။             ။ ဈေးသူဈေးသားများ၏ သဘောဆန္ဒကို ရယူပြီးမှသာ သထုံမြို့မဈေးအား အဆင့်မြင့်ဈေးသစ် လျာထား တည်ဆောက်ခြင်းကို ဆောင်ရွက်သင့်သည်ဟု မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန် ပြောဆိုလိုက်သည်။

ယနေ့ စက်တင်ဘာလ ၂ရက်တွင် သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ ဗူးဘုရားဓမ္မာရုံ၌ ပြုလုပ်သည့် ဈေးသူ၊ ဈေးသားများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ တွေ့ဆုံပွဲတွင် ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ဒီဈေးကို စည်ပင်ရဲ့ရန်ပုံငွေနဲ့ ဆောက်ခဲ့တာ မဟုတ်ပါဘူး။ ရွှေ ၆၀၀၀ ဈေး အချိန်က ဆိုင်ခန်းတစ်ခန်းကို ၆၀၀၀နဲ့ ဈေးသူဈေးသားတွေကိုယ်တိုင် စုပြီးဆောက်ခဲ့တဲ့ ဈေးပါ။ အဆင့်မြင့်ဈေးသစ်ဆောက်မယ်ဆိုရင်တော့ ဈေးသူဈေးသားတွေရဲ့ သဘောဆန္ဒကို ယူဖို့လိုတယ်"ဟု သထုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောသည်။

သြဂုတ်လ ၂၁ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၂၇တွင် စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေး အဆင်မြှင့်တင်ခြင်းကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီမှုအရ ဆောင်ရွက်လိုပါသဖြင့် ကိုယ်ပိုင် ရင်နှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရန် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များသို့ စိတ်ပါဝင်စားမှု အဆိုပြုလွှာ တင်သွင်းရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အဆိုပြုလွှာကို သတင်းစာမျက်နှာပေါ်ရောက်မှသာလျှင် ဈေးသူဈေးသားများနှင့် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက သိကြရသည်ဟု ဆိုသည်။

“ ဒီကိစ္စ သတင်းစာထဲပါပြီးမှ ကျွန်တော်လည်း သိရတာပါ။ ဒီဈေးကို အိမ်ထောင်စု ၆၅၀၀ လောက်က မှီခို နေကြရတယ်။ ဆိုင်ပိုင်ရှင် ၄ပုံ ၁ပုံကလည်း အကြွေးစနစ်နဲ့ လည်ပတ်နေကြရတယ်။ ဈေးသူဈေးသားတွေရဲ့ ဆန္ဒကို ယူသင့်၊ မေးသင့်ပါတယ်"ဟု မွန်ပြည်နယ် အမှတ် (၉) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ် က ပြောသည်။

သထုံဈေး၏ ဈေးရုံအများစု၏သက်တမ်းမှာ နှစ်၂၀ ခန့်ရှိသော်လည်း အချို့ဈေးရုံများမှာ ပြုပြင်ထားသည့် ဈေးရုံများဖြစ်သည့်အတွက် အသစ်တည်ဆောက်ရန် မလိုသေးကြောင်း၊ ဈေးသူဈေးသားတို့၏ ဆန္ဒမပါဘဲ မလုပ်သင့်ကြောင်း၊ ကန့်ကွက်ပါကြောင်းကို ဈေးသာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်မြင့်က ဈေးသူဈေးသားများကိုယ်စား တင်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ်အစိုးရထံတင်ပြပေးသွားမည်ဟု ဆိုသည်။

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာ ဦးတင်ကိုကိုက "၂၀၁၅ လျာထားချက်အရ လုပ်တာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီက ဈေးသူဈေးသားတွေကို အသိမပေးမိတာကတော့ ကျွန်တော်တို့ အားနည်းချက်ပါ။ ဒီက ဆန္ဒတွေကို ကျွန်တော် ပြန်တင်ပြပေးပါမယ်။ ပြည်နယ်အစိုးရကပဲ ဆုံးဖြတ်ပါမယ်။ ကျွန်တော့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး"ဟု ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးအောင်ကျော်သူနှင့် ဒေါ်ခိုင်ခိုင်လဲ့၊ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာ ဦးတင်ကိုကိုနှင့် ဈေးသူဈေးသားများ၊ သတင်းသမားများ တက်ရောက်ခဲ့ကြသည်။