လက်နက်ဝယ်ယူမှုကိစ္စ ဆွေးနွေးရန် ဖိလစ်ပိုင်သမ္မတ ဒူတာတေး အစ္စရေးသို့ သွားရောက်

.

စက်တင်ဘာ ၂ ။           ။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးဟာ အစ္စရေးနဲ့ ဂျော်ဒန် နိုင်ငံတို့ကို တရားဝင်ခရီးစဉ်အဖြစ် စက်တင်ဘာ ၂ ရက်မှာပဲ ထွက်ခွာပြီ ဖြစ်ပါတယ်။

သမ္မတ ဒူတာတေးရဲ့ ယခု ခရီးစဉ်ကတော့ အစဉ်အလာအားဖြင့် ဖိလစ်ပိုင်တို့အနေနဲ့ အမေရိကန် စစ်လက်နက်တွေအပေါ် မှီခိုအားထားနေခဲ့မှုကနေ ပြောင်းလဲမှု တစ်ခုလုပ်ဆောင်ဖို့ ထွက်ခွာတာဖြစ်ကြောင်း သိရပါတယ်။

ဒါဟာ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်ပြီး နှစ် ၆၀ ကျော်အတွင်းအစ္စရေးကို ပထမဆုံး သွားရောက်တဲ့ ပထမဆုံးသော ဖိလစ်ပိုင်ခေါင်းဆောင်လည်း ဖြစ်လာခဲ့ပါတယ်။

ဒူတာတေးရဲ့ ယခု အစ္စရေးခရီးစဉ်မှာတော့ စစ်လက်နက် သဘောတူညီမှု ကိစ္စတွေ ရဖို့ အဓိက ထားလုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

၎င်းကိုယ်ကိုယ် ဟစ်တလာနဲ့ ခိုင်းနှိုင်းပြောဆိုမှု၊ လူထောင်ပေါင်းများစွာ သေဆုံးခဲ့သည့် မူးယစ်စစ်ပွဲ ဆင်နွှဲမှုတို့ကြောင့် နိုင်ငံတကာအလယ်မှာ ဝေဖန်ခံထားရတဲ့ ဒူတာတေးရဲ့ ယခု အစ္စရေးခရီးစဉ်ကို စောင့်ကြည့်မှု များပြားနေတယ်လို့လည်း သိရပါတယ်။