နှုတ်ဆိတ်နေရတဲ့ အနွယ်တော်ဝင်တွေရဲ့ လဲလျောင်းရာနေရာ

.

စက်တင်ဘာ ၂ ။              ။ မြန်မာ့သမိုင်းကုန်းဘောင်ခေတ် မင်းဆက်ဖြစ်တဲ့ မင်းတုန်းမင်းတရားကြီးရဲ့ အနွယ်တော်တွေဖြစ်တဲ့ ဆွေတော်မျိုးတော်တွေရဲ့ အုတ်ဂူတွေဟာ  ရန်ကုန်မြို့တွင်းက တစ်နေရာမှာ  ငြိမ်သက်စွာ လဲလျောင်းနေပါတယ်။

အုတ်ဂူတွေဟာဆိုရင် ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားကြီး ကျိုက်ထီးရိုးကျောင်းအနီး  မြန်အောင်ဘုန်းကြီး ကျောင်း ပရဝုဏ်အတွင်းထဲမှာ တည်ရှိလို့ နေတာပါ။

ဒီသုသာန်ကို မင်းတုန်းမင်းကြီးနဲ့ ခုနှစ်ရွာမိဘုရားတော်ရဲ့ သမီးတော် မင်းတပ်ထိပ်ခေါင်တင်က  ဆွေတော် မျိုးတော်သုသာန်အဖြစ် ဆောက်လုပ်ထားတာဖြစ်ပြီး ဒီသုသာန်ဝန်းအတွင်း ဘုန်းကြီးကျောင်းကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သမိုင်းရာဇ၀င်အရ သိရှိခဲ့ပါတယ်။

“သုံးဆယ်မင်းသားကြီးရဲ့ သားတော် သုံးဆယ်ထပ်တင်လေးနဲ့ သူ(မင်းတပ်ထိပ်ခေါင်တင်)က လက်ဆက်ပါ တယ်။ သုံးဆယ်ထိပ်တင်လေးက အရင် ကံကုန်တော်မူတယ်။ သုံးဆယ်ထပ်တင်လေးကို စမြှုပ်တယ်။ ပြီးတော့ မင်းတပ်ထိပ်ခေါင်တင်က တော်တော်အသက်ရှည်တော့ နောက်ပိုင်းမှ ကံကုန်တော့မူတာပါ။ သူ့သမီးတွေ၊ သားတွေကလည်း အရင်သေတယ်။ မင်းတပ်ကိုယ်တော်တို့၊ နတ်ခေါင်ဘုရားတို့၊ အဲဒီမှာ မြှုပ်တယ်” လို့ ဒီသုသာန် အစဖြစ်ပေါ်လာပုံကို  မြန်မာ့သမိုင်းအဖွဲ့ ဒုဥက္ကဋ္ဌ (၁) ဖြစ်တဲ့ ဦးသန်းဆွေ (ထားဝယ်)က ပြန်ပြောင်းပြောပြပါတယ်။

အနွယ်တော်ဝင်တွေရဲ့ သုသာန်မှာ  မင်းတုန်းမင်းတရားကြီးရဲ့ မြေးတော် ပင်လယ်ထိပ်ခေါင်တင်ကြီး ၊ သက်တော် ၈၃ နှစ်ရှိ သုသီရိနန္ဒ ဝတီ (ခေါ်) ပင်လယ်ထိပ်ခေါင်တင်ကလေး ၊ ညောင်အုပ်မင်းသမီး ထိပ်တင်ချို ၊မင်းတုန်းမင်းတရားကြီးမြေးတော် ညောင်အုပ်မင်းသားရဲ့သမီးတော် ညောင်အုပ်ထိပ်တင်စိုး နဲ့ အိမ်ရှေ့မင်းတြားကြီး၏ မြေးတော် မြင်းမူထိပ်ခေါင်ဘုရားရဲ့ သားတော် မောင်မောင်ထိပ်တင် အစရှိတဲ့ မင်းတုန်းမင်းတရားကြီးရဲ့ အနွယ်တော်တွေရဲ့ အုတ်ဂူတွေထားရှိရာ သုသာန်လည်းဖြစ်ပါတယ်။

အုတ်ဂူတွေက ရေအညှိတွေတက်လို့၊ ကမ္ဗည်းကျောက်ပြားတွေသာ မရှိရင်တော့ ဒါ ဘယ်သူဘယ်ဝါဆိုတာ သိနိုင်ဖို့ ခဲယှဉ်းနေပြီး ဒါတွေဟာလည်း မှိန်ဖျော့ပျောက်ကွယ်ဖို့ နီးစပ်နေပါပြီ။

နှစ် ၇၀ ခန့် သက်တမ်းရှိပြီဖြစ်တဲ့ ဆွေတော်မျိုးတော် သုသာန်ဟာဆိုရင် ပျောက်ကွယ်လုနီးပါးဖြစ်နေတာ ကြာမြင့်နေခဲ့ပါပြီ။ ဆွေတော်မျိုးတော် အုတ်ဂူတွေအစား လူနေအိမ်တချို့ ဆောက်လုပ်နေထိုင်နေကြတာ ကြောင့်လည်း ဖြစ်ပြီး လူနေအိမ်တွေဟာ အုတ်ဂူများကို အမှီပြု ဆောက်လုပ်နေထိုင်နေကြတာလည်း တွေ့မြင်နေရပါတယ်။

ဒီလူနေအိမ်များကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရန်ကုန်တိုင်းအစိုးရအဖွဲ့မှတစ်ကြိမ်  ဖယ်ရှားခဲ့ဖူးတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဆွေတော်မျိုးတော်များ အသင်းကနေ ဒီအုတ်ဂူတွေနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

 “ အနွယ်တော်တွေနဲ့ဆိုင်တာပေါ့။ အနွယ်တော်တွေ စုပေါင်းပြီး ဒါကို သက်ဆိုင်ရာ တင်ပြမယ်။ အားလုံးကို တင်ပြပြီး အဆင်ပြေအောင်ပေါ့။ အခုမှ အပြစ်မတင်ဘဲ ၀ိုင်းပြီး ဖြေရှင်းရမှာပေါ့။ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းကလည်း ဒီလူတွေ( ၀င်ရောက်နေထိုင်သူတွေ)ကို နေရာချပေးဖို့လုပ်၊ သူတို့အပိုင်းလေ။ အနွယ်တော်တွေက ပိုက်ဆံမတတ်နိုင်ဘူး။ နေရာချပေး။ ဒီနေရာတွေကို ပြန်ထိန်းသိမ်းမယ်။ ဘုန်းကြီးကျောင်းကလည်း ဘုန်းကြီးကျောင်းနဲ့ တူအောင်ပေါ့။ အုတ်ဂူကလည်း အုတ်ဂူနဲ့ တူအောင်ပေါ့” လို့ သီပေါမင်းရဲ့ မြစ်တော်စပ်သူ ဦးစိုးဝင်း(ဆွေတော်မျိုးတော်အသင်း)က ဆိုပါတယ်။

နှစ်ပေါင်း ၇၀ ခန့်  သက်တမ်းရှိတဲ့ ဆွေတော်မျိုးတော်အုတ်ဂူတွေကို ပြုပြင်ထိန်းသိမ်းပေးဖို့ကို ရန်ကုန်တိုင်း အစိုးရနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများကို ဆွေတော်မျိုးတော်များအသင်းကနေ တင်ပြလုပ်ဆောင် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာရာဇ၀င်မှာ မင်းအဆက်ဆက်က ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှန်းနဲ့ ဘုန်းမီးနေလ တောက်ပခဲ့ဖူးပါတယ်။ ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကိုပြောဖို့ ဆိုရင် သူတို့ကို မဖြစ်မနေထည့်သွင်းပြောရသလို ဒါတွေဟာလည်း သမိုင်းကိုပြနေတဲ့ အထောက်အထားတွေဖြစ်လို့ သမိုင်းအမွေအနှစ်တစ်ခုအဖြစ် ထိန်းသိမ်းသင့်တာတော့ အမှန်ပါပဲ။

အခုချိန်မှာတော့ အ၀တ်လျှော်ခုံဖြစ်နေတဲ့ အုတ်ဂူ၊ ဆောက်လုပ်ထားတဲ့ နေအိမ်ဖောင်ဒေးရှင်းဖြစ်နေတဲ့အုတ်ဂူ၊ အမှိုက်သရိုက်တွေကြားက အုတ်ဂူစသည်ဖြင့် သမိုင်းအမှတ်တရတွေဟာ ဖေးကူသူမရှိ နှုတ်ဆိတ်နေရပါတော့ တယ်။