နောက်ဆယ်စုနှစ်တစ်စုအတွင်း ဘန်ကောက်မြို့ ဧရိယာထက်ဝက်နီးပါးလောက် ရေအောက်ရောက်သွားနိုင်

.

စက်တင်ဘာ ၂ ။          ။ လက်ရှိအချိန်မှာ ပင်လယ်ရေမျက်နှာပြင် လယ်ဗယ် မြင့်တက်လာနေမှုနဲ့အတူ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့အနေနဲ့ မကြာမီကာလအတွင်း ဆိုးရွားတဲ့ ရေလွှမ်းမှုဖြစ်စဉ်တွေနဲ့ ကြုံတွေ့ရနိုင်တယ်ဆိုပြီး သတိပေးမှုတွေ ရှိနေခဲ့ပါတယ်။

လူဦးရေ ၁၀ သန်းကျော် နေထိုင်တဲ့ အဆိုပါ ဘန်ကောက်မြို့အနေနဲ့ လာမယ့် ဆယ်စုနှစ်တစ်စုစာအတွင်းမှာပဲ မြို့ ဧရိယာတစ်ချို့တစ်ဝက် ရေအောက်မှာ ဖုံးလွှမ်းခံရနိုင်ကြောင်း အရေးပေါ် သတိပေးချက်တွေ ရှိထားပါတယ်။

အလားတူ လာမယ့်ကာလအတွင်း အပူချိန်မြင့်တက်မှုနဲ့အတူ ရာသီဥတု ဖောက်ပြန်မှု၊ မိုးခေါင်မှုနဲ့ ရေကြီးမှု ဖြစ်စဉ်တွေကလည်း ပိုမို ဆိုးရွားလာဖို့ ရှိနေတယ်လို့လည်း ယူဆချက်တွေ ပေါ်ထွက်ထားပါတယ်။

ပင်လယ်ရေမျက်နှာပြင်ရဲ့ အထက် ၁ ဒသမ ၅ မီတာ ခန့်ရှိပြီး တစ်ချိန်က စိမ့်မြေ ဖြစ်ခဲ့တဲ့ မြေဧရိယာပေါ်မှာတည်ဆောက်ထားတဲ့  ဘန်ကောက်အနေနဲ့ကတော့ ဂျကာတာ၊ မနီလာတို့နဲ့အတူ ကမ္ဘာပေါ်မှာ သဘာဝဘေးထိခိုက်မှု အခံရနိုင်ဆုံး မြို့ပြဧရိယာတွေထဲက တစ်ခုဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ဘန်ကောက်မြို့ရဲ့ ဧရိယာ ၄၀ ရာခိုင်နှုန်းနီးပါးလောက် လာမယ့် ၂၀၃၀ အစောပိုင်းမတိုင်ခင် ရေလွှမ်းခံရနိုင်ကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာတစ်ရပ်မှာလည်း သတိပေးထားပါသေးတယ်။

လက်ရှိအချိန်မှာ ထိုင်းရဲ့ မြို့တော်ဟာ တစ်နှစ်ကို တစ် စင်တီမီတာကနေ နှစ် စင်တီမီတာအထိ နိမ့်ဆင်းနေပြီး များမကြာခင်မှာပဲ ကြီးမားတဲ့ ရေဘေးတစ်ခုနဲ့ ကြုံရနိုင်ကြောင်း Greenpeace အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ထိုင်းပင်လယ်ကွေ့အနီး ပင်လယ်ရေမျက်နှာပြင်ဟာဆိုရင်လည်း တစ်နှစ်ကို လေး မီလီမီတာနှုန်းနဲ့ မြင့်တက်နေလျက်ရှိကြောင်း သိရပါတယ်။