ပါလက်စတိုင်း ဒုက္ခသည်များအတွက် ရန်ပုံငွေထောက်ပံ့မှု အမေရိကန် ရပ်ဆိုင်း

.

စက်တင်ဘာ ၂ ။            ။ သန်နဲ့ချီတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကုလအေဂျင်စီတစ်ခုထံသို့ ရန်ပုံငွေထည့်ဝင်ထောက်ပံ့ပေးနိုင်မှု အားလုံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်တို့က ထုတ်ပြန်လိုက်ပါတယ်။

မူဝါဒ အပြောင်းအလဲသစ်တစ်ခုအဖြစ် မြင်ခဲ့ရတဲ့ ယခု အမေရိကန်တို့ရဲ့ ဆုံးဖြတ်ချက်အပေါ် ပါလက်စတိုင်းတို့ဘက်က ဒေါသတကြီး တုန့်ပြန်သွားခဲ့ကြပါတယ်။

ယမန်နှစ်ကအထိ အမေရိကန်တို့ဟာ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့်လုပ်ငန်းအေဂျင်စီ UNRWA ထံသို့ ရန်ပုံငွေ အကူအညီ အများဆုံး ထည့်ဝင်ထောက်ပံ့ပေးသူ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ အဖက်ဆယ်မရအောင် ပျက်ယွင်းနေတဲ့ လုပ်ငန်းတစ်ခုကို ဘယ်လို ကူညီထောက်ပံ့မှုမှ မလုပ်ပေးနိုင်တော့ကြောင်း ၀ါရှင်တန်ဘက်က ကြေညာသွားပါတယ်။

ယခုလို သမ္မတဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်ဟာ ရက်စက်ပြီး တာဝန်မဲ့ရာ ရောက်ကြောင်း အကြီးတန်း ပါလက်စတိုင်း တာဝန်ရှိသူ ဟာနန် အာရှာဝီက ပြောသွားပါတယ်။

“ပါလက်စတိုင်း ဒုက္ခသည်တွေက နဂိုကမှ အိမ်မဲ့ယာမဲ့၊ စားစရာက မရှိ၊ ဘေးကင်းလုံခြုံမှုလည်း မရှိ ဖြစ်နေတာပါ၊ ဒါဟာ အစ္စရေးနိုင်ငံ ဆိုပြီးဖန်တီးပြီးကတည်းက ဖြစ်လာတဲ့ ကိစ္စတွေပါ” ဆိုပြီး သူမက ငြီးတွားသွားခဲ့ပါတယ်။