ကွယ်လွန်သူ ဂျွန်မက်ကိန်းအား ချီးကျူးဂုဏ်ပြုပွဲ အမေရိကန်သမ္မတဟောင်းများ တက်ရောက်

.

စက်တင်ဘာ ၂ ။        ။ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် National Cathedral ခရစ်ယာန်ဘုရားကျောင်းကြီးမှာ ကျင်းပပြုလုပ်တဲ့ ဆိနိတ်တာ ဂျွန်မက်ကိန်း အမှတ်တရ ချီးကျူးဂုဏ်ပြုပွဲ အခမ်းအနားကိုတော့ သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဘရက်ခ် အိုဘားမားနဲ့ ဂျော့ဂ်ျ ဒဗလျူ ဘုရှ် တို့ တက်ရောက်ခဲ့ကြပါတယ်။

ဗီယက်နမ်စစ်ပွဲ ဟီးရိုးတစ်ဦးဖြစ်သလို အမေရိကန်ရဲ့ အထင်ကရ အဖြစ်ဆုံး နိုင်ငံရေးသမား တစ်ဦးလည်း ဖြစ်တဲ့ အထက်လွှတ်တော်အမတ် မက်ကိန်းကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က ဦးနှောက်ကင်ဆာနဲ့ အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

၎င်းရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကိုတော့ ယနေ့ စက်တင်ဘာ ၂ ရက်မှာ မေရီလန်းပြည်နယ် Annapolis မြို့က အမေရိကန် ရေတပ်အကယ်ဒမီ စစ်င်္သချိုင်းမှာ မြေမြှုပ်သဂြိုဟ်မှာ ဖြစ်ပါတယ်။

ယခု ၎င်းအမှတ်တရ ချီးကျူးဂုဏ်ပြုခြင်း အခမ်းအနားမှာတော့  သမီးဖြစ်သူ မီဂန် က အဖွင့် အမှတ်တရစကား ပြောသွားပြီး သူမရဲ့ ဖခင်ဖြစ်သူကို ချီးကျူးဂုဏ်ပြုသွားသလို တစ်ချိန်တည်းမှာလည်းပဲ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လုပ်ငန်းစဉ်အပေါ်မှာပါ ဝေဖန်သွားခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ယခု အခမ်းအနားကို တက်ရောက်လာခြင်း မရှိပါဘဲ၎င်းအစိုးရအဖွဲ့ထဲက ဆိုရင် သမီးဖြစ်သူ အိုင်ဗန်ကာနဲ့ သားမက်ဖြစ်သူ ဂျရတ်ဒ် ကူရှ်နာတို့ပဲ တက်ရောက်လာခဲ့ကြပါတယ်။

ယခု အခမ်းအနားကို တက်ရောက်လာတဲ့ သမ္မတဟောင်းတွေဖြစ်ကြတဲ့ အိုဘားမားနဲ့ ဘုရှ်တို့ကလည်း ဂျွန်မက်ကိန်းအား အမှတ်တရ ချီးကျူးဂုဏ်ပြုစကားတွေ အသီးသီး ပြောပေးသွားခဲ့ကြပါတယ်။

Tags: