ရုရှမှာ ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်ပြီး မီးလောင်ရာမှ လူ ၁၈ ဦး ဒဏ်ရာရ

.

မော်စကို၊ စက်တင်ဘာ ၁ ။           ။ ရုရှနိုင်ငံ ဆိုချီလေဆိပ်မှာ ဆင်းသက်တဲ့ ခရီးသည်တင် ဘိုးရင်း ၇၃၇ လေယာဉ်တစ်စင်း ပြေးလမ်းချော်ပြီး မီးလောင်မှုဖြစ်ရာက ခရီးသည် ၁၈ ဦး ထိခိုက်ဒဏ်ရာရပါတယ်။

ခရီးသည်တွေကို ကယ်ဆယ်ရေးဆောင်ရွက်ချိန် လေဆိပ်ဝန်ထမ်းတစ်ဦး နှလုံးရောဂါ ဖောက် သေဆုံးပါတယ်။

“ဒီဖြစ်ရပ်မှာ ကလေးသုံးဦး အပါအ၀င် လူ ၁၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။”လို့ ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး Sputnik သတင်းဌာနက ဖော်ပြပါတယ်။

လေယာဉ်ကို ပြေးဆွဲနေတဲ့ Utair လေကြောင်းလိုင်းက အဲဒီ လေယာဉ်ပေါ်မှာ  ခရီးသည် ၁၆၄ ဦး လိုက်ပါခဲ့တယ်လို့ ဆိုပါတယ်။

မော်စကိုမြို့တော်ကနေ ဆိုချီမြို့ကို ပျံသန်းလာတဲ့ ဒီလေယာဉ်ဟာ ဆင်းသက်ချိန် ရာသီဥတု ဆိုးဝါးတာကြောင့် ဒုတိယအကြိမ် ဆင်းသက်စဉ်မှာ ခုလို ပြေးလမ်းချော်ပြီး ဘယ်ဖက်အင်ဂျင် မီးလောင်မှု ဖြစ်တာပါ။

ဖြစ်ပွားရာနေရာကို ရုရှသယ်ယူပို့ဆောင်ရေး ၀န်ကြီး ရောက်ရှိလာပြီး လေယာဉ်မှူးနှစ်ဦးနဲ့ အမှုထမ်း လေးဦးတို့ ဘေးကင်းကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။