နေရယ် လရယ် အမှန်တရားရယ် ဇာတ်လမ်းတွဲ ၂ အထူးပွဲပြသ

.

ရန်ကုန်၊ စက်တင်ဘာ ၁ ။           ။ နေရယ်လရယ်အမှန်တရားရယ် အမည်ရှိသော ဇာတ်လမ်းတွဲ ၂ ကို သြဂုတ်လ ၃၁ ရက်နေ့ ၅ နာရီက ရန်ကုန်မြို့ Junction City ၌ အထူးပွဲပြသခဲ့သည်။

အဆိုပါဇာတ်လမ်းတွဲ ၂ ကို နှစ်နှစ်နီးပါး အချိန်ယူရိုက်ကူးထားပြီး အချစ်ရေးနှင့် ဥပဒေရေးရာများ အကြောင်းကို ပုံဖော်ရိုက်ကူးထားပြီး လက်တွေ့ဘ၀တွင်ရှိသည့် ဥပဒေအကူအညီပေးရေးအဖွဲ့ Yangon Justice Center ကို အခြေခံကာ My Justice ဟု ဇာတ်လမ်းတွဲတွင် ရိုက်ကူးထားခြင်းဖြစ်သည်။

"နေရယ်လရယ်က ဖေဖော်ဝါရီ ၂၀၁၈ မှာပြီးသွားပါတယ်။ ကျန်တာတော့ကားဆက်တာတော့ တခြားကျောင်း က ဆက်တာပေါ့နော်။ YFS ကဆက်ပါတယ်။ အဲဒီအချိန်မှာ Pre-production နဲ့ Production လုပ်ပါတယ်" ဟု ဒါရိုက်တာ အောင်ကိုလတ် က ပြောသည်။

နေရယ်လရယ်အမှန်တရားရယ် ဇာတ်လမ်းတွဲ ၂ တွင် အပိုင်း ၁၀ ပိုင်းပါဝင်ပြီး ဇာတ်လမ်းတွဲ ၁ မှ သရုပ်ဆောင် များ ဖြစ်သည့် ဆုပန်ထွာ၊ မိုးယံဇွန်၊ ဘုဏ်းသိုက်၊ ခင်ဇာခြည်ကျော်တို့အပါအဝင် တခြားသော သရုပ်ဆောင်များစွာ ပါဝင်မည်ဖြစ်သည်။

"ဒီကားလေးကိုကြည့်ခြင်းအားဖြင့် အားလုံးဒီတရားဥပဒေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဥပဒေတွေ လောတွေအားလုံးကို တော်တော်များများသိသွားမယ်။ ပန်ပန်ဆို ဒီကားလေးရိုက်နေရင်းနဲ့ပတ်သက်လို့ တချို့ဆို တရားရုံးတွေ ဘာတွေမသွားချင်ဘူး။ တစ်ခါတစ်လေကျရင် အလျော့ပေးလိုက်တာရှိတယ်။ မသွားချင်လို့ လျှော်ပေးလိုက်တာရှိတယ်။ ဒါပေမယ့် တကယ့်တကယ်တန်းကျတော့ တရားဥပဒေ စိုးမိုးဖို့အတွက်ဆိုလို့ရှိရင် တရားဥပဒေနဲ့ ရင်ဆိုင်ရမယ်ဆိုလည်း ထိပ်တိုက်ရင်ဆိုင်နိုင်အောင် law တွေကိုသိအောင်ပေါ့နော်။ အများကြီး ဒီဇာတ်လမ်းတွဲထဲကနေပြီးတော့ အကူအညီရသွားမှာပေါ့နော်" ဟု သရုပ်ဆောင် ဆုပန်ထွာ က ပြောသည်။

နေရယ်လရယ်အမှန်တရားရယ် ဇာတ်လမ်းတွဲ ၁ ကို ၂၀၁၅ ခုနှစ်တွင် MRTV နှင့် MWD Variety ရုပ်သံလိုင်းတို့မှ ပြသခဲ့သည်။ ဇာတ်လမ်းတွဲတွင်ပါဝင်သော Justice Center ကို ၂၀၁၃ ခုနှစ်တွင် တရားဝင်တည်ထောင်ထားသည်။