ဒုက္ခသည်များကို ပိတ်ကာထားရန် ကာတံတိုင်း အစ္စရေးတည်ဆောက်လျှက်ရှိ

ဒုက္ခသည်များကို ပိတ်ကာထားရန် ကာတံတိုင်း အစ္စရေးတည်ဆောက်လျှက်ရှိ

တဲလ်အဗစ်၊ စက်တင်ဘာ - ၇ ။            ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး ဒုက္ခသည် အကျပ်အတည်းအဖြစ် ကမ္ဘာတစ်ဝန်းလုံးက ပြောဆိုနေကြချိန်တွင် အစ္စရေးအစိုးရက ဒုက္ခသည်များကို တားဆီးထားရန်အတွက် ကာတံတိုင်းတည်ဆောက်မည်ဟု ကြေညာခဲ့သည်။

အကြမ်းဖက်သမားများပါ ပူးတွဲပါလာသောကြောင့် ရွှေ့ပြောင်းအခြေချများ အစ္စရေးသို့ ဝင်ရောက်မှုကို ရပ်တန့်တားဆီးရန်အတွက် ဂျော်ဒန်နယ်စပ်တစ်လျှောက်တွင် ၃၀ကီလိုမီတာရှည်လျားသည့် စည်းရိုး တစ်ခုကို တည်ဆောက်နေသည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက စက်တင်ဘာလ၆ရက်နေ့က ကျင်းပခဲ့သည့် အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးတွင် ကြေညာခဲ့သည်။

အစ္စရေးက ၂၀၁၃ခုနှစ်ကလည်း အီဂျစ်နယ်စပ်တစ်လျှောက်တွင် ၂၃၀ကီလိုမီတာရှည်လျားသည့် တံတိုင်းတစ်ခုကို တည်ဆောက်ခဲ့သည်။ လက်ဘနွန်နယ်စပ်တစ်လျှောက်တွင်လည့်း စည်းရိုးများကို တည်ဆောက်ခဲ့ပြီး ဆီးရီးယားနှင့် အစ္စရေးတို့သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ကြား နယ်ခြားမျဉ်းပေါ်တွင်လည်း စည်းရိုးတည်ဆောက်ခဲ့သည်။ အနောက်ဘက်ကမ်းအများစုကိုလည်း တံတိုင်းများဖြင့် ပိုင်းခြားလိုက်ပြီဖြစ်သည်။

ယခုတည်ဆောက်နေသည့် တံတိုင်းမှာ အီဂျစ်တံတိုင်းနှင့် သွားဆက်မည်ဖြစ်ပြီး အီလတ်မြို့နှင့် တင်မာချိုင့်ဝှမ်းရှိ လေဆိပ်အသစ်နေရာအကြား အစ္စရေးအရှေ့ပိုင်း နယ်စပ်တစ်လျှောက်တွင် စတင်တည်ဆောက်နေပြီဖြစ်သည်။

''စည်းရိုးကို ဂိုလန်ကုန်းမြင့်အထိ ဆက်ဆောက်သွားရမယ်။ တရားမဝင်ရွှေ့ပြောင်းအခြချတွေနဲ့ အကြမ်းဖက်သမားတက်ကြွလှုပ်ရှားသူတွေရဲ့ လှိုင်းလုံးတွေထဲမှာ အစ္စရေးကို အနစ်မခံနိုင်ဘူး''ဟု ဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့သည်။

အစ္စရေးမှာ အလွန်သေးငယ်လွန်းလှပြီး ပထဝီဝင်အနေအထားထုထည်နှင့် လူမှုစီးပွားဘဝထုထည်မရှိခြင်းက ယခုကဲ့သို့ တံတိုင်းများတည်ဆောက်ရခြင်းနောက်ကွယ်မှ အကြောင်းတရားဖြစ်သည်ဟု လည်း နေတန်ယာဟုက ပြောကြားခဲ့သည်။

စစ်မက်ဖြစ်ပွားနေသည့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှာ ခိုလှုံရာရှာဖွေသူများ လှိုင်းလုံးသဖွယ် ဝင်ရောက်လာနေသောကြောင့် ဥရောပတစ်ခွင်တွင် ဒုက္ခသည်အကျပ်အတည်းဆိုက်နေချိန်တွင် ယခုကဲ့သို့ နေတန်ယာဟု၏ မှတ်ချက်စကား ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။

ယခုနှစ်တွင် လူပေါင်း ၃၀၀၀၀၀ခန့်မှာ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကကို စွန့်ခွာပြီး ဥရောပသို့ ထွက်ခွာလာခဲ့ကြရာ စုတ်ချာသည့် လှေများဖြင့် အန္တရာယ်ကြီးမားသော မြေထဲပင်လယ်ခရီး ကိုဖြတ်သန်းရင်း လူပေါင်း ၂၅၀၀မှာ လမ်းခုလတ်တွင် သေဆုံးသွားခဲ့ကြသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ သို့ရာတွင် ယခုနှစ်တွင် လူပေါင်း ၃၅၀၀၀၀မှာ ဥရောပသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြသည်ဟု ဆိုသည်။  

ခိုလှုံခွင့်ရှာဖွေသူအများစုမှာ အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ အကြမ်းဖက်မှုများကို ကြောက်လန့်ထွက်ပြေးလာကြသော ကံမကောင်းအကြောင်းမလှသည့် ဆီးရီးယားများပင်ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly