ရေကြီးမှုများကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် လယ်ဧက ၆ သိန်းခန့် ပျက်စီး

.

ရန်ကုန်၊ စက်တင်ဘာ ၁ ။         ။ မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်းတို့ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် စိုက်ပျိုးဧက ၁၃ သိန်း ကျော်ရေလွှမ်းခဲ့ပြီး ဧက ၆ သိန်းကျော်ပျက်စီးခဲ့ရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက မဇ္စျိမသို့ အတည်ပြုပြောသည်။

“၃၁ ရက်နေ့အထိ စုစုပေါင်း ရေလွှမ်းတဲ့ဧကပေါင်း ၁၃ သိန်း၊ ပြန်ပေါ်တာက ၁၂ သိန်းခွဲ၊ပျက်ဆီးတာက ၆ သိန်းလောက်ရှိတယ်” ဟု ၄င်းက ဆိုသည်။

မြန်မာနိုင်ငံတွင်ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့မှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီး မကွေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီ တို့သည် စိုက်ပျိုးဧကဆုံးရှုံးမှု အများဆုံး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆွာချောင်တမံ၏ ရေထိန်းတံခါးကျိုးမှုကြောင့် ရေနစ်မြုပ်ခဲ့ရသည့် ရေတာရှည်နှင့်တောင်ငူ မြို့နယ်တို့တွင်လည်း အနည်းဆုံး ဧက ၂သောင်းကျော်ရေ လွှမ်းခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှု စာရင်းကို မရရှိ သေးကြောင်း ဦးမျိုးတင့်ထွန်းကဆိုသည်။

ထို့အပြင် ဇွန်လပိုင်းကဖြစ်ပွားခဲ့သည့်ရေကြီးမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင် နှမ်းဧက ၂ သိန်းကျော်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ရေလွှမ်းမိုးခဲ့သည့် လယ်/ယာ ဧကများ၏ စာရင်းကိုစုစည်းလျှက်ရှိပြီး ကူညီပေးနိုင်ရန် လည်း စီစဉ်နေကြောင်း သိရသည်။

ရေဘေးဒုက္ခကို အဓိကခံစားခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးတွင် ရေလွှမ်း ဧက ၆၀၀၀ ကျော်၊ ပဲခူးတိုင်း ဒေသကြီးတွင် ရေလွှမ်း ဧက ၁ သိန်းခွဲကျော်၊ ကရင်ပြည်နယ်တွင် ရေလွှမ်းဧက ၁သောင်းကျော်နှင့် မွန်ပြည် နယ်တွင် ရေလွှမ်းဧက ၂ သောင်းကျော်အထိရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ သြဂုတ်လဆန်းပိုင်း အထိရရှိထားသောစာရင်းများအရ သိရသည်။