ပုဂ္ဂလိကဆေးရုံတစ်ခုတွင် လူနာစောင့် ဓါတ်လိုက်သေဆုံးမှုကို သေမှုသေခင်းဖြင့် စစ်ဆေးနေ

.

မန္တလေး၊ စက်တင်ဘာ ၁ ။            ။  မန္တလေးတိုင်းဒေသကြီး ၊ပြင်ဦးလွင်မြို့ရှိ ပုဂ္ဂလိကဆေးရုံတွင် သြဂုတ်လ ၃၁ ရက်၊ည ၈ နာရီခန့်က လူနာစောင့် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးခဲ့ပြီး ရဲမှ သေမှုသေခင်းဖွင့်လှစ်စစ်ဆေးနေကြောင်း သိရသည်။

သေဆုံးသူအမျိုးသားသည် အဆိုပါဆေးရုံ၌ တက်ရောက်ဆေးကုသနေသည့် ဖခင်အားပြုစုရန်အတွက် လာရောက်စောင့်ပေးနေသူဖြစ်ပြီး ဆေးရုံ၏ ရေပူ၊ရေအေး ရေချိုးခန်းတွင် ဓါတ်လိုက်ခဲ့ခြင်းဟု လတ်တလော သိရသည်။

ဓါတ်လိုက်ခဲ့သူအား ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

 ပြင်ဦးမြို့နယ်ပြည်သူဆေးရုံမှ ဒေါက်တာ ချစ်ထူးက"ကျွန်တော်တို့ ဆေးရုံ ရောက်လာတော့ကို သူငယ်အိမ်က ကျယ်နေပြီ။ အတတ်နိုင်ဆုံး အသက်ကယ်ခဲ့တယ်။ ရင်ခွဲစစ်ဆေးတာတွေ လုပ်ပြီးပါပြီ။"ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ချမ်းသာသုခဆေးရုံ၏ ဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆေးရုံအုပ်ကြီး မရှိသေး၍ ပြန်လည်ဖြေကြားမည့်သူမရှိသေးကြောင်း ဖုန်းကိုင်သူက ဖြေဆိုခဲ့သည်။

ယခု ဓါတ်လိုက်သေဆုံးမှုသည် ဆေးရုံ၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုနေမှုများ ရှိနေပြီး ၎င်းဆေးရုံအားအရေးယူမှုအပိုင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ကု/သရေး ဦးစီးဌာနမှ တိုက်ရိုက်ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

ဓါတ်လိုက်သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင် နေဆဲဖြစ်သည်ဟု သိရသည်။