ရခိုင်မှာ ခရုကူးစက်ရောဂါ ခံစားနေရသူ ၄၀၀ ကျော်ထိ ရှိလာ

.

စစ်တွေ၊ စက်တင်ဘာလ ၁ ရက်။       ။ ရခိုင်ပြည်နယ်မှာ ခရုကတစ်ဆင့် ရောဂါကူးစက်ခံရသူ ၄၀၈ ဦးအထိ ရှိလာတယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

အဲဒီရောဂါကို ရခိုင်ပြည်နယ်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ ၅၉ ဦးပဲ ရှိခဲ့တာပါ။ ဒါပေမယ့် အဲဒီနောက်ပိုင်းကနေ အခု သြဂုတ်လကုန်ထိ သံသယလူနာ ၇၀၀ နီးပါးကို စစ်ဆေးတဲ့ အခါမှာ ၄၀၈ ဦးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

“အစတုန်းက ရန်ကုန်မှာ သွားစစ်ရတော့ လူတိုင်းကို မစစ်နိုင်ဘူး။ သွေးကို သွားပို့ရတဲ့ ဒုက္ခတော်တော်ကို ကြီးတယ်။ အဲတော့ ဒီမှာ စစ်လို့ရအောင်ဆိုပြီး ဒီက(စစ်တွေ)က ဓာတ်ခွဲခန်းကို မြှင့်လိုက်တယ်။ ဒီတော့ ဒီမှာ စစ်လို့ရတာပေါ့။ ဆိုတော့ လူတော်တော်များ များကို အရင်ကထက် ပိုစစ်လာနိုင်တယ်။ ဒါကြောင့် ဒီနှစ်မှာ ပိုတွေ့တာပေါ့။ အများဆုံး ကတော့ ဆယ့်ငါးနှစ်အောက် ကလေးတွေပဲ။”ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကြည်လွင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ပေါက်တောမြို့နယ်မှာ အများဆုံးဖြစ်ပွားလျှက်ရှိပြီး မြောက်ဦး၊ စစ်တွေ၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာလည်း အသင့်အတင့် ဖြစ်တာကို   တွေ့ရသလို ဖြစ်ပွားတဲ့သူတွေမှာလည်း အသက် ၁၅ နှစ် အရွယ်ကလေးတွေများတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်တွေအပါအဝင် ရန်ကုန်နဲ့ နေပြည်တော်က ဆရာဝန် တွေလာပြီး အများဆုံးဖြစ်ပွားလေ့ရှိတဲ့ ရခိုင်ပြည်နယ် အထဲက မြို့နယ်အချို့ကို လာရောက် ကွင်းဆင်းလေ့လာခဲ့တယ်လို့ သိရပါတယ်။

ရေချိုခရုမှတစ်ဆင့် ကူးစက်တဲ့ ကပ်ပါးပိုး (Schistosomiasis) ကြောင့်ဖြစ်တဲ့ သန်ကောင်ရောဂါဟာ ချက်ချင်းဒုက္ခပေးတဲ့ ရောဂါမျိုးမဟုတ်ဘဲ နာတာရှည် ရောဂါတစ်မျိုးဖြစ်ကြောင်း သိရပြီး ကြာလာရင် တစ်ချို့မှာ ကျောက်ကပ်က သွေးယိုတာ၊ ကျောက်ကပ်ရောင်တာ၊ အဆုပ်ရောင်တာတွေ ဖြစ်တတ်တယ်လို့ ဆရာဝန်တစ်ချို့က ပြောပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတာတော့ စိုးရိမ်ရတဲ့ အခြေအနေမဟုတ်ဘူး ဆိုပါတယ်။

လူ၊ ကျွဲ၊ နွား စတာတွေက စွန့်လိုက်တဲ့ မစင်ထဲမှာပါလာတဲ့ သန်ဥက ရေထဲကျပြီးတဲ့ အခါမှာ သန်ကောင်လေးတွေဖြစ်ပြီး ခရုထဲရောက်သွားကာ ခရုထဲမှာ ဆက်လက်ကြီးထွားပြီးတော့ ခြေထောက်နဲ့ လက်တွေကနေတစ်ဆင့် အရေပြားကို ဖောက်ဝင်တာပါ။

ဒါကတစ်ဆင့် လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ သက်ကြီးကောင် ဖြစ်သွားပြီး နှစ်ပေါင်း ၃၀ အထိတာင် နေနိုင်ပြီးတော့ တဖြည်းဖြည်းနဲ့ လူကိုဒုက္ခပေးတဲ့ သန်ပြားကောင်ဖြစ်လာကာ ရောဂါကူးစက်ထားတဲ့ ခရုပေါက်ဖွားမှုများတဲ့ ရေချိုရေကန်တွေ၊ လယ်ကွင်းတွေ၊ စမ်းချောင်းတွေ၊ ရေလှောင်ကန်တွေ၊ ရေလှောင်တမံတွေရှိတဲ့ ဒေသတွေမှာ ဖြစ်တာလို့လည်း သိရပါတယ်။