ဒဂုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို ပါတီတာဝန်များမှ NLD ရပ်နား

.

ရန်ကုန် ၊ စက်တင်ဘာ ၁ ။           ။ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျတို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီတာဝန်များမှ ရပ်နားလိုက်သည်။

မည်သည့်ကိစ္စရပ်များကြောင့် ပါတီတာဝန်များမှ ရပ်ဆိုင်းခံရသည်ဆိုသည့်အချက်ကို မသိရှိရသော်လည်း ရပ်နားကြောင်း အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်ဟု ဦးကျော်ဇေယျက မဇ္ဈိမသို့ အတည်ပြုပြောဆို သည်။

“အစည်းအဝေးဆုံးဖြတ်ချက်အရဆိုပြီး ၂၅ ရက်နေ့ကတည်းက ကျွန်တော်ဆီကတော့ အခုမှ ရောက်တာ စာက ။ အကြောင်းပြချက်မပါဘူး။ ကျွန်တော်ကိုပေးတဲ့စာထဲမှာ ပါတီရဲ့ တာဝန်ကနေ ကျွန်တော်ရယ် ဒေါ်သက်သက်ခိုင်ရယ်ကို နားတယ်ဆိုပြီး ဒါပဲ ပါတယ်” ဟု ဦးကျော်ဇေယျက ဆိုသည်။

ဦးကျော်ဇေယျသည် ဒဂုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိထားသူ ဖြစ်သည်။ ၄င်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို အစဉ်တစိုက် စောင့်ကြည့်ဝေဖန်ပြောဆိုသူလည်း ဖြစ်သည်။

“အဲ့လို ရပ်နားခံရတော့ ဒဂုံမြို့နယ်အလုပ်အမှုဆောင်အဖွဲ့တောင် အံ့သြသင့်တယ်။ ပါတီတာဝန်မရှိတော့  ပြည်သူ့တာဝန် ပိုပြီး ထမ်းဆောင်ခွင့်ရတာပေါ့ဗျာ” ဟု ဦးကျော်ဇေယျက ဆိုသည်။

အဆိုပါ ပါတီတာဝန်မှ ရပ်နားခံရသော ကိုယ်စားလှယ် ၂ ဦးမှာ ဒဂုံမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြပြီး လက်ရှိတွင် ဒဂုံမြို့နယ် အမှတ် ၁  မဲဆန္ဒနယ် တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ထွန်းသာ ကျန်ရှိသည်။

တာဝန်မှ ရပ်နားခံရသည့်ကိစ္စရပ်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်အား မဇ္ဈိမမှ ယနေ့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။