မြိတ်ကျွန်းစုခရီးစဉ်သစ်အဖြစ် ပုလဲမွေးမြူရေး စခန်း ၅ ခုကို လေ့လာခွင့်ပြုမည်

.

မြိတ်၊ စက်တင်ဘာ ၁ ။           ။ မြိတ်ဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားပြည်သူများအကြား စိတ်ဝင်စားမှု မြင့်တက်နေသည့် မြန်မာ့ပုလဲထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး၊ လေ့လာရေးခရီးစဉ်ကို ယခုနှစ် ခရီးသွားရာသီတွင် မြိတ်ကျွန်းစုနှင့် ကော့သောင်းမြို့ကျွန်းများရှိ ပုလဲမွေးမြူရေးစခန်း ၅ ခုကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ လေ့လာခွင့် ပြုတော့မည် ဖြစ်ကြောင်း မြန်မာပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် နိုင်ငံပိုင်နှင့် ပြည်တွင်/ ပြည်ပပုဂ္ဂလိကပိုင် ပုလဲမွေးမြူရေး စခန်း ၁၁ ခု အနက် ၅ ခုကို စတင်လေ့လာခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြန်မာပုလဲနဲ့ ပုလဲမွေးမြူရေးကုမ္ပဏီများအနေနဲ့ တနင်္သာရီတိုင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်တာ ဖြစ်တယ်၊ ပုလဲမွေးမြူရေးစခန်းတွေကို လေ့လာခွင့်ပေးခြင်းသည်၊ ခရီးသွား လုပ်ငန်းများအတွက် အကျိုးရှိစေပြီး၊ ဒေသဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာမယ်၊ ဒေသခံတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါများလာစေမှာ ဖြစ်တယ်”ဟု  မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေး လုပ်ငန်း ဒုတိယအထွေထွေ မန်နေဂျာ (ထုတ်လုပ်ရေး) ရုံးမှ ဦးမျိုးလွင်က ပြောသည်။

ယင်းသို့ ခရီးစဉ်သစ်အဖြစ် ခွင့်ပြုပေးလိုက်သည့် ပုလဲမွေးမြူရေး စခန်း ၅ ခုမှာ မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော်ကျွန်း၊ မြန်မာအတ္တလန်တစ်ကုမ္ပဏီပိုင် ပုလဲတံခွန်စခန်း၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၊ ဂျလန်းကျွန်း အရှေ့တိုင်းပုလဲကုမ္ပဏီ၊ ရွှေကျွန်း (Belpearl Co.,Ltd)၊ ငလုံးလက်ဖယ်ကျွန်း ပြည့်စုံထက်မြင့် ကုမ္ပဏီနှင့် ဘုတ်ပြင်းမြို့နယ်ရှိ နိုင်ငံပိုင် ပုလဲကျွန်းတို့ ဖြစ်ကြောင်း သိရသည်။

ပုလဲမွေးမြူရေးစခန်းများသို့ လေ့ရာတွင် ၀င်ကြေးအဖြစ် အောက်တိုဘာ ၁ ရက်နေ့တွင် စတင်မည့် ခရီးသွားရာသီတွင် ပြည်တွင်းခရီးသည်တစ်ဦးကို ၁၅၀၀၀ ကျပ်နှင့် Foreigner တစ်ဦးလျှင် ၁၅ ဒေါ်လာ သတ်မှတ်ထားကာ၊ သက်ဆိုင်ရာစခန်းများ၏ ဖိုက်ဘာ လှေငယ်များဖြင့် လောင်းလိုင်းများအနီးနဲ့ ပုလဲ မွေးမြူရေးစခန်းဝန်းကျင်များ၊ ပုလဲဝတ်ဆံသွင်းကာလ၊ ပုလဲဖော်ကာလနဲ့ ကြုံကြိုက်ပါက အချိန်များတွင် ပြသခြင်းနှင့် ပုလဲမွေးမြူရေးလုပ်ငန်းများအကြောင်းတို့ကို တစ်ပတ်မှာ ၃ ရက် လေ့လာခွင့် ပေးသွားမည်ဟု သိရသည်။

၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ခရီးသွားရာသီတွင် ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားမှု မြင့်တက် လာနိုင်မည်ဟု မြိတ်ဒေသအခြေစိုက် ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ကြနေကြသည်။

“အဓိက ကတော့ တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံခြားငွေ ပိုမိုရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ပါတယ်၊ အဲ့ဒီအတွက် မြန်မာ့ပုလဲနဲ့ ပုလဲမွေးမြူရေးကုမ္ပဏီများမှ ကူညီပံ့ပိုးပေးရာမှာ ပုလဲမွေးမြူရေးလုပ်ငန်းများ မထိခိုက်စေရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် ခရီးသွားလုပ်ငန်းမှ ဧည့်သည်များ အနေနဲ့ စနစ်တကျ လာရောက်လည်ပတ်ဖို့တော့ လိုအပ်ပါတယ် ” ဟု မန်နေဂျာ ဦးမျိုးလွင်က ဆိုသည်။

ပုလဲမွေးမြူရေး စခန်းလေ့လာရေး ခရီးစဉ်သစ်တွင် ပုလဲမွေးလောင်းလိုင်းများအတွင်း မုတ်ကောင်များ မွေးမြူထားရှိမူကို ပြသပေးခြင်း၊ Floating House (ရေပေါ်အိမ်) တွင် Collector လုပ်ခြင်း၊ ရေပန်း ထိုးခြင်းများအား ပြသခြင်း၊ သားဖောက်ခန်းနှင့် ၀တ်ဆံသွင်း ခန်းများတွင် မုတ်ကောင် သားဖောက်ခြင်း၊ ပုလဲဝတ်ဆံသွင်းခြင်းနှင့် ပုလဲဖော်လုပ်ငန်းများအား Reject မုတ်ကောင် (သို့) ရေသေမုတ်ကောင်များနှင့် သရုပ်ဖော်ပြသခြင်း၊ မုတ်ကောင်ခွံ၊ ခရုတို့ဖြင့် ပြုလုပ်ထားသည့် အမှတ်တရပစ္စည်းများ ရောင်းချပေးခြင်း၊ ခရီးသည်များက ပုလဲဝယ်ယူလိုပါက ကုမ္ပဏီများ၏ ယခင်အချိုးကျရရှိပြီး တန်ဖိုးဖြတ်ပြီးသော တရားဝင် အသိအမှတ်ပြုသည့် ပုလဲများအား ရောင်းချပေးခြင်း၊ ခရီးသည်များအား တစ်ပတ်လျှင် ၃ ရက်တွင် တနင်္လာ၊ ကြာသပတေးနှင့် စနေနေ့တို့မှာ ကြည့်ရှု လေ့လာခွင့် ပြုမည် ဖြစ်သည်။

“ကျွန်တော်တို့ မြိတ်ဒေသကို အရင်တုန်းက လူသိများတာ ပုလဲထွက်တဲ့ မြို့ဆိုပြီး သိတာပေါ့။

 မြိတ်မှာက ယခင်က ပုလဲလုပ်ငန်းနှင့် ရေလုပ်ငန်း အဓိက လုပ်ကိုင်ကြပါတယ်၊ အခုချိန်မှာတော့ ခရီးသွား လုပ်ငန်းနဲ့ နာမည်ရပြီး လူပိုသိ များလာတာပေါ့ ။ အဲ့ဒီအတွက်ကြောင့် ဧည့်သည်တွေက ပုလဲလုပ်ငန်းကို လေ့လာချင်တဲ့ သူတွေ များပါတယ်၊ အခုလို ခရီးစဉ်တစ်ခုအနေနဲ့ ခွင့်ပြုပေးလိုက်တော့ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းက ပိုပြီး အောင်မြင်လာနိုင်မယ်”ဟု မြိတ်ခရိုင် ခရီးသွားလုပ်ရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေမြင့်က ပြောသည်။

ပုလဲမွေးမြူရေး စခန်းများသည်၊ ယခင်က ကန့်သတ်မှုအချို့ရှိပြီး၊ VIP ခရီးစဉ်မှ လွှဲ၍ အခြား ပြင်ပ ဧည့်သည် များကို လေ့လာခွင့်မပြုထားဘဲ့ နိုင်ငံတော်လုံခြုံရေးဥပဒေအရ တားမြစ်ထားကြောင်း သိရသည်။

မြိတ်ဒေသတွင် ခရီးသွားလုပ်ငန်းကုမ္ပဏီများ ယခုနှစ်မှာ ၃၁ ခုရှိ အထိရှိလာပြီး၊ ၂၀၁၇ ခုနှစ် ခရီးသွား ရာသီတွင် ပြည်ပ နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှု ၅၃၆၉ ဦးနှင့် ပြည်တွင်းခရီးသွားဧည့်သည်များ အနေဖြင့် ဟိုတယ်နှင့် ခရီးသွားမှ လိုင်စင်ရယူထားသော တည်းခိုရိပ်သာများစာရင်းအရ ပြည်တွင်း ခရီးသည်များမှာ ၂၅၇၆၄ ဦး ၀င်ရောက်ခဲ့ကြောင်း မြိတ်ခရိုင် ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှူး ဦးစီးဌာန (မြိတ်ရုံးခွဲ) မှ သိရသည်။