အီရန်ရဲ့ နျူကလီးယားပေါ်လစီကို ပါကစ္စတန် ထောက်ခံ

.

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁ ။           ။ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး မက်ဒွန်းကူရီရှီက ၎င်းနဲ့ အဆင့်တူ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗတ်ဇာရစ် အလည်အပတ် ရောက်ရှိတဲ့ ခရီးစဉ်မှာ အီရန်ရဲ့ နျူကလီးယားပေါ်လစီကို ပါကစ္စတန်အနေနဲ့ ထောက်ခံကြောင်း ပြောလိုက်ပါတယ်။

ဘုံသဘောတူညီမှုတစ်ရပ်ကို အီရန်က အပြည့်အ၀ လိုက်နာတယ်လို့ နိုင်ငံတကာ နျူကလီးယားစွမ်းအင်အေဂျင်စီက အတည်ပြုလိုက်ပြီး နောက်တစ်ရက်မှာပဲ ပါကစ္စတန်က အီရန်ကို ထောက်ခံလာတာလည်း ဖြစ်ပါတယ်။

အီရန်နဲ့ အင်အားကြီး ခြောက်နိုင်ငံကြား ချုပ်ဆိုခဲ့တဲ့ နျူကလီးယားသဘောတတူညီချက်ကို အီရန်က အပြည့်အ၀ လိုက်နာသလို ကျန်နိုင်ငံတွေလည်း လိုက်နာဖို့ သင့်တယ်လို့ ပါကစ္စတန်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးတို့က ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီးယားစီမံကိန်းတွေဟာ နျူကလီးယားလက်နက် ထုတ်လုပ်ရေး မဖြစ်ဖို့ အမေရိကန်၊ ရုရှ၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့  ဂျာမနီတို့ဟာ အရေးကြီးတဲ့ တင်းကျပ်မှုတွေ ပြဌာန်းပြီး အီရန်နဲ့ သဘောတူညီမှု ချုပ်ဆိုထားကြတာ ဖြစ်ပါတယ်။

ဒီလို စည်းမျဉ်းတင်းကြပ်မှုတွေအတွက် အပြန်အလှန်အနေနဲ့ အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးရတာ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်သမ္မတဟောင်း အိုဘားမားလက်ထက်က ဖော်ဆောင်ခဲ့တဲ့ ဒီသဘောတူညီမှုကို လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြီး နုတ်ထွက်သွားခဲ့တာလည်း ဖြစ်ပါတယ်။