နယ်သာလန်က ဘူတာရုံမှာ ဓားကိုင်တိုက်ခိုက်မှုဖြစ်၍ လူနှစ်ဦး ဒဏ်ရာရ

.

အမ်စတာဒမ်၊ စက်တင်ဘာ ၁ ။           ။ နယ်သာလန်နိုင်ငံ မြို့တော် အမ်စတာဒမ်က ဘူတာရုံမှာ ဓားကိုင်တိုက်ခိုက်သူတစ်ဦးကြောင့် လူနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဓားကိုင်တိုက်ခိုက်သူက ရဲက ပစ်ခတ်ဖမ်းဆီးလိုက်ရကြောင်း သိရပါတယ်။

ဘူတာရုံမှာ ခရီးသွားလာသူ ထောင်ပေါင်းများစွာကို ဒီတိုက်ခိုက်မှုကြောင့် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

“ဘူတာရုံရဲ့ အနောက်ဖက်  မြေအောက်စင်္ကြမှာ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်လောက်က ဒီတိုက်ခိုက်မှုဖြစ်တာပါ။ ဓားကိုင်သူဟာ လူနှစ်ဦးကို တိုက်ရိုက်တိုက်ခိုက်တာပါ။ ရဲက အဲဒီလူကို ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။”လို့ အမ်စတာဒမ် ရဲဌာန ပြောခွင့်ရသူ ရော့ဘ်ဗင်းက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ အစွန်းရောက်အကြမ်းဖက်မှု ဖြစ်နိုင်မဖြစ်နိုင် စုံစမ်းစစ်ဆေးတုန်း ရှိပါတယ်။

“တိုက်ခိုက်ခံရတဲ့ နှစ်ဦး တော်တော်လေး ဆိုးဆိုးဝါးဝါး ဒဏ်ရာရတာ ဖြစ်ပါတယ်။ ဆေးရုံ တင်ပို့ထားရပါတယ်။”လို့ ရော့ဘ်ဗင်းက ပြောပါတယ်။

နယ်သာလန်နိုင်ငံအနေနဲ့ အိမ်နီးချင်း ဥရောပနိုင်ငံတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်သလိုမျိုး ကြုံတွေ့ရလေ့ တော်ရုံမရှိတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။