တိုက်စစ်မှူးဝဲလ်ဘတ်နှင့် စတူးရစ်ချ်တို့ ယူရို ၂၀၁၆ ပြိုင်ပွဲနှင့်လွဲမည်ကို ရွိုင်းဟော့ဒ်ဆန်စိုးရိမ်

တိုက်စစ်မှူးဝဲလ်ဘတ်နှင့် စတူးရစ်ချ်တို့ ယူရို ၂၀၁၆ ပြိုင်ပွဲနှင့်လွဲမည်ကို ရွိုင်းဟော့ဒ်ဆန်စိုးရိမ်

စက်တင်ဘာ ၇၊ လန်ဒန် ။          ။ လာမည့်နှစ်နွေရာသီ ယူရို ၂၀၁၆ ပြိုင်ပွဲကို အဓိကတိုက်စစ်အတွဲဖြစ်သော ဝဲလ်ဘတ်နှင့် စတူးရစ်ချ်တို့လွဲချော်မည်ကို အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်က စိုးရိမ်နေသည်။

စနေနေ့က ဆမ်မာရီနိုကို ၆-၀ ဂိုးဖြင့်နိုင်ပြီး ပြင်သစ်နိုင်ငံတွင်ကျင်းပမည့်ယူရို ၂၀၁၆ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီဖြစ်သော်လည်း အဓိက တိုက်စစ်မှူးနှစ်ဦးဒဏ်ရာရနေခြင်းကြောင့် ရွိုင်းဟော့ဒ်ဆန် အတွက် ပူပန်စရာဖြစ်နေရသည်။

ခြေစစ်ပွဲကာလအတွင်း ရွန်နီနှင့်ပူးတွဲဂိုးအများဆုံးသွင်းထားသည့် အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘတ်သည် ဒူးခွဲစိတ်မှုကြောင့် ခြောက်လနား ရမည်ဟု အင်္ဂလန်နည်းပြဟော့ဒ်ဆန်က ပြောသည်။

အာဆင်နယ်အသင်းကမူ ယင်းတိုက်စစ်မှူးမှာ ခရစ္စမတ်အမီပြန်ကစားနိုင်မည်ဟု ယုံကြည်နေသည်။ လီဗာပူးလ်တိုက်စစ်မှူး စတူးရစ်ချ်မှာကာလရှည်ခံစားခဲ့ရသော တင်ပါးဒဏ်ရာမှပြန်ကောင်းရန် နီးစပ်နေ ပြီဖြစ်သော်လည်း ဟော့ဒ်ဆန်က စိုးရိမ်နေခြင်းဖြစ်သည်။

"ဝဲလ်ဘတ်ဟာ ကျွန်တော့်အသင်းမှာ မတ်လကတည်းကမပါဘဲ အာဆင်နယ်မှာ ဧပြီတည်းကမပါနိုင်ခဲ့ဘူး။ အခုတော့နောက်ခြောက်လကြာ ဦးမယ်ကြားတယ်။ ဒီတော့ ထင်ထားတာ ထက်မြန်မြန်ပြန်ကောင်းလာပြီး လေ့ကျင့်ခန်းလုပ်နိုင်ဖို့ကိုပဲ မျှော်လင့်ရတော့မယ်။ စတူးရစ်ချ်လည်း အတူတူပဲ။ တစ်နှစ်လောက်ရှိပြီ။ သူတို့ကသိပ်ကောင်းတဲ့ကစားသမားတွေဖြစ်ပြီး ကြိုးစားကြလို့ ကျွန်တော့်အတွေးထဲအမြဲရှိနေသူတွေပါ။ သူတို့တစ်ယောက်ယောက်ပြန်ကောင်းလာရင် အသင်းကဒီထက်ပိုကောင်းလာမှာပါ"ဟု ဟော့ဒ်ဆန်က ပြောသည်။

ကွင်းလယ်ကစားသမားဝီလ်ရှီးယားသည်လည်း နောက်ထပ်ခြေကျင်းဝတ်ဒဏ်ရာတစ်ခုကြောင့် လက်ရှိရာသီတွင် ဘောလုံးကစားနိုင်ခြင်းမရှိ သေးပေ။ ကွင်းလယ်နေရာတွင်အသစ်အားဖြည့်ထားသည့် ရှယ်ဗေးမှာခြေစွမ်းပြနိုင်ပြီး ဝါရင့်ကွင်းလယ်လူ မိုက်ကယ်ကာရစ်သည် အင်္ဂါနေ့ တွင် ဝင်ဘာလေကွင်း၌ ဆွစ်ဇာလန်နှင့်ကစားရမည့်ပွဲတွင် ပါဝင်လာဖွယ်ရှိနေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly