ကောင်လေးတစ်ယောက်အကြောင်းကို ပုံဖော်ထားတဲ့ တေးသံရှင် သျှားမီရဲ့ သူနဲ့တွေ့မှ တေးစီးရီးမိတ်ဆက်

.

ရန်ကုန်    သြဂုတ်    ၃၁ ။               ။ ကောင်လေးတစ်ယောက်ကိုတွေ့မှ ရင်ခုန်ခဲ့ရတဲ့ အကြောင်းကို ပုံဖော်သီဆိုထားတဲ့ တေးသံရှင် သျှားမီရဲ့ 'သူနဲ့တွေ့မှ' ဆိုတဲ့ တေးစီးရီးသစ်ကို သြဂုတ်လ ၃၁ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ Orchid ဟိုတယ်မှာ စတင် မိတ်ဆက်လိုက်ပါတယ်။

သူနဲ့တွေ့မှ ဆိုတဲ့ တေးစီးရီးကို အချိန် ၂ နှစ်လောက် အချိန်ယူ ပြင်ဆင်ခဲ့ပြီး သျှားမီရဲ့ ပထမဆုံး တေးစီးရီး လည်း ဖြစ်ပါတယ်။

" စီးရီးခေါင်းစဉ်က သီချင်းလေးအတိုင်းပေါ့။ သျှားမီက သူနဲ့တွေ့မှဆိုတာလေးက အတိုင်အဖောက် ညီတယ်။ အဲဒီသီချင်းခေါင်းစဉ်လေးကိုပဲ စီးရီးခေါင်းစဉ်ပေးဖြစ်တာပါ။ အဲဒါက ကိုသားကြီး ရေးပေးထားတာပါ။ သီချင်းထဲမှာ ကောင်မလေးတစ်ယောက်က သူနဲ့တွေ့မှ သဘောကျမိတဲ့အကြောင်း ပေါ့နော်။ တော်ရုံတန်ရုံ သဘောမကျဘူး။ ဒါပေမယ့် ဒီကောင်လေးနဲ့တွေ့မှ သဘောကျမယ့် ပုံဆိုတာ သျှားမီအနေနဲ့လည်း သဘောကျလို့ ပေးဖြစ်တာပေါ့။" လို့ တေးသံရှင် သျှားမီက ပြောပါတယ်။

ဒီတေးစီးရီးထဲမှာ ထူးခြားမှုအနေနဲ့ တေးသံရှင်မာမာအေး သီဆိုခဲ့တဲ့ “စဉ်းစားကာနေရဦးမယ်”ဆိုတဲ့ ဂန္ထဝင် သီချင်းဟောင်းတစ်ပုဒ်ကိုလည်း ပြန်ဆိုတေးအဖြစ် နားဆင်ခံစားရမှာ ဖြစ်ပါတယ်။

"ဒီသီချင်းလေးက အန်တီမားမားအေး သီချင်းလေးပေါ့။ သျှားမီငယ်ငယ်ကတည်းက အရမ်းကြိုက် ခဲ့ရတဲ့ သီချင်း။ မေမေကလည်း ဒါလေးပြန် ဆိုစေချင်တော့ ထူးထူးခြားခြားလေး ပြန်ဆိုဖြစ်တာပါ။" လို့ တေးသံရှင် သျှားမီက ပြောပါတယ်။

ဒီတေးစီးရီးထဲမှာ စဉ်းစားကာနေရဦးမယ်၊ ချစ်သူ့မွေးနေ့၊ ကောင်းကင်အောက်မှာ၊ မြှားနတ်မောင်၊ လာလာနောက်မနေနဲ့၊ တိတ်တခိုးနှောင်ကြိုး၊ သူနဲ့တွေ့မှ၊ လိုလေသေးမရှိ၊ ပင်လယ်တစ်ဖက်ဆီ၊ မျှော်လင့်ရင်းစူး၊ Recycle Bing စတဲ့ တေးသီချင်း ၁၁ ပုဒ်ပါဝင်ပါတယ်။

ဒီတေးသီချင်းတွေကို တေးရေးအဖြစ် ကိုမြတ်လင်း၊ အရိုး၊ သားကြီး၊ ဇောရဲနောင်နဲ့ အလင်း တို့က ရေးသားထားပြီး Strings Studio မှာ အသံသွင်းထားတာ ဖြစ်ပါတယ်။

အဆိုပါတေးစီးရီးကို စက်တင်ဘာ ၇ ရက်နေ့ မှာ Bo Bo Music Production ကနေ စတင်ဖြန့်ချိသွားမယ်လို့ သိရပါတယ်။