သူလျှိုမှုဖြင့် သြစတြေးလျနိုင်ငံသားတစ်ဦး ကမ္ဘောဒီးယားမှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ

.

သြဂုတ် ၃၁ ။             ။ ကမ္ဘောဒီးယားမှာ သူလျှိုလုပ်မှုနဲ့ စွဲချက်တင်ခံခဲ့ရတဲ့ သြစတြေးလျနိုင်ငံသား ရုပ်ရှင်ရိုက်ကူးသူတစ်ဦးကို ယခုအခါ တရားရုံးက ထောင် ခြောက်နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

ယင်း ပြစ်ဒဏ်ချမှတ်မှုဟာ အဓိပ္ပါယ်လုံ့ဝမရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြစ်တင်သွားပါတယ်။

ဂျိမ်းစ် ရစ်ကက်ဆန် ဆိုသူ သြစတြေးလျရုပ်ရှင်ရိုက်ကူးသူ အမျိုးသားဟာ  ကမ္ဘောဒီးယား အတိုက်အခံပါတီ CNRP ရဲ့လူထုအစည်းအဝေးတစ်ခုမှာ ဒရုန်းပျံသန်းမှု တစ်ခု လုပ်ဆောင်ခဲ့ပြီးနောက် ယမန်နှစ်ဇွန်လက စလို့ ဖမ်းဆီးထိန်းသိမ်းခံထားခဲ့ရပါတယ်။

ယခုအခါမှာတော့ ခြောက်ရက်ကြာ လုပ်ဆောင်ခဲ့တဲ့ တရားရုံး စစ်ဆေးကြားနာမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အသက် ၆၉ နှစ်အရွယ် ဂျိမ်းစ်ဟာ သူလျှိုလုပ်မှု ပြစ်ဒဏ်နှစ်ခုကို ကျူးလွန်ခဲ့ကြောင်း တရားသူကြီး ဆုန် လောင်းက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

" သူ့ကို သူလျှိုလုပ်မှု၊ နောက်ပြီး အမျိုးသား လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ သတင်းအချက်အလက် စုဆောင်းမှု တို့အတွက် ထောင် ၆ နှစ်ချမှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်" ဆိုပြီး ၎င်းက ပြောပါတယ်။

ယခုလို ပြစ်ဒဏ် ချမှတ်မှုနဲ့ပတ်သက်လို့ ကမ္ဘောဒီးယားဘုရင်ထံက လွတ်ငြိမ်းချမ်းသာခွင့် ရဖို့ တောင်းဆိုသွားမယ်လို့ ဂျိမ်းစ်ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။

" ဂျိမ်းစ်က ဘာ စပိုင်မှ မဟုတ်ပါဘူး၊ သူက တကယ်တော့ ကမ္ဘောဒီးယားနိုင်ငံကိုရော၊ ပြည်သူတွေကိုပါ ချစ်တဲ့သူပါ၊ သူက တကယ်တော့ ရုပ်ရှင်ရိုက်ကူးရေးသမားတစ်ဦးဖြစ်ပါတယ် " ဆိုပြီး ၎င်းရဲ့ မိသားစုက ပြောသွားပါတယ်။