Miss Scuba Myanmar 2018 အတွက် အလှမယ်များ မိတ်ဆက်

.

ရန်ကုန်၊သြဂုတ်လ ၃၁ရက် ။                ။ Myanmar Beauty Stars Organization မှပြုလုပ်ကျင်းပတဲ့ ရေအောက်အဏ္ဍ၀ါလို့ တင်စားထားတဲ့ Miss Scuba Myanmar 2018 အလှမယ်များ မိတ်ဆက်ပွဲကို သြဂုတ်လ ၃၀ရက်နေ့က ရန်ကုန်မြို့ မြေနီကုန်းရှိ My Hotel မှာပြုလုပ်ခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရာမှာ ရေအောက်ကမ္ဘာကိုလည်း မေ့မနေကြစေဖို့ရည်ရွယ်ချက်ဖြင့် Miss Scuba Myanmar လို့နာမည်ပေးထားတာဖြစ်တယ်လို့ Miss Scuba Myanmar မှ National Director ကိုမင်းပိုင်ဌေးက ဆိုပါတယ်။

" အခုဆို ပွဲတိုင်းမှာ ကောင်းတဲ့ အစီစဉ်လေးတွေ ရှိကြတယ်။ ဒါပေမယ့် အားလုံးကမေ့နေကြတာက ရေအောက်ကမ္ဘာကြီးကိုမေ့နေကြတယ်။ ရေနဲ့ပတ်သက်လို့ထိန်းသိမ်းဖို့ကိုမေ့နေကြတယ်။ အဲ့ဒါကြောင့် ဒီလိုအစီစဉ်နဲ့ လုပ်ဖြစ်တာပါ။ကျွန်တော်တို့ Myanmar Beauty Stars Organization ကနေ Miss Scuba Myanmarကို ၂၀၁၆ ကတည်းက လုပ်ခဲ့တယ်။ ၂၀၁၇ မှာတော့ အလှမယ်စေလွှတ်တာမရှိခဲ့ဘူး။ အခု ၂၀၁၈ မှာ ပြန်ပြီး အလှမယ်ရွေးချယ်ပြီး စေလွှတ်မှာဖြစ်ပါတယ်။"လို့ ကိုမင်းပိုင်ဌေးကပြောပါတယ်။

Miss Scuba Myanmar 2018 ပြိုင်ပွဲမှာ အလှမယ် ၁၄ဦးပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး Winner ရရှိတဲ့ အလှမယ် ၁ ဦးဟာ မလေးရှားနိုင်ငံမှာ (၈) ကြိမ်မြောက် Miss Scuba International 2018 ရေအောက်အဏ္ဏ၀ါ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အလှမယ်ရွေးချယ်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ဖို့အတွက် စေလွှတ်သွားမယ်လို့ သိရပါတယ်။ Miss Scuba Myanmar 2018 ကအလှမယ်ကို မြန်မာနိုင်ငံကနေ ဒုတိယအကြိမ် ရွေးချယ် စေလွှတ်မှာဖြစ်ပြီး အလှမယ် ၁၄ ဦးကို ရွေးချယ်မယ့် ဖိုင်နယ်ပွဲကြီးကို စက်တင်ဘာလ ၈ ရက်နေ့မှာ Sky Star Hotel ၌ ပြုလုပ်မှာဖြစ်ပါတယ်။

" အလှမယ်ရွေးချယ်တဲ့ အခါမှာတော့ အဓိကဒိုင်ပင်လိုက်စင်ရှိရမယ်။ ရေကူးတတ်ရမယ်။ အဲ့အတွက်ကိုလည်း ကျွန်တော်တို့ကနေပြီး ဒိုင်ပင်လေ့ကျင့်မှုတွေကို လုပ်ဆောင်ပေးသွားမယ်လို့ " Miss Scuba Myanmar မှ National Director ကိုမင်းပိုင်ဌေးက ပြောပါတယ်။

Miss Scuba International 2016 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Mis Scuba Myanmar 2016 အလှမယ် စန္ဒီအေးလွင်က မလေးရှားနိုင်ငံကို သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။