တူရကီကိုရှုံးသောကြောင့် နယ်သာလန်အသင်းခြေစစ်ပွဲအောင်ရန် မသေချာတော့

တူရကီကိုရှုံးသောကြောင့် နယ်သာလန်အသင်းခြေစစ်ပွဲအောင်ရန် မသေချာတော့

စက်တင်ဘာ ၇၊ အစ္စတန်ဘူ ။       ။ တူရကီကိုဂိုးပြတ်ရှုံးသောကြောင့် နာမည်ကြီးနယ်သာလန်အသင်းမှာ ယူရို ၂၀၁၆ ခြေစစ်ပွဲအောင်မြင်ရန် မသေချာတော့သည့်အနေအထားသို့ ရောက်ရှိသွားခဲ့သည်။

တနင်္ဂနွေနေ့က တူရကီတွင်ယှဉ်ပြိုင်ကစားခဲ့သော ခြေစစ်ပွဲ၌ နယ်သာလန်အသင်းသည် အိမ်ရှင်တူရကီအသင်းကို ၃-၀ ဖြင့် ဂိုးပြတ်ရှုံးနိမ့် သွားခဲ့သည်။ ယင်းရှုံးပွဲကြောင့် နယ်သာလန်အသင်းမှာ အုပ်စု (က)တွင် အမြင့်ဆုံးအနေဖြင့် တတိယနေရာကိုသာမျှော်လင့်နိုင်တော့မည်ဖြစ်သည်။ သို့သော်ယင်းနေရာကို လက်ကျန်နှစ်ပွဲတွင် တူရကီအသင်းအမှတ်လျော့မှသာ မျှော်မှန်းနိုင်မည်ဖြစ်သည်။

အုပ်စု (က)တွင် အိုက်စလန်အသင်းမှာ ကာဇက်စတန်ကိုသရေကျပြီး ရမှတ် ၁၉ မှတ်ဖြင့် ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်ခဲ့ကာ ချက်အသင်း သည်လည်း လတ်ဗီးယားကို ၂-၁ ဖြင့်အနိုင်ကစားပြီး ရမှတ် ၁၉ မှတ်ဖြင့်ပင် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်သည်။

အုပ်စုတတိယနေရာတွင် တူရကီအသင်းက ရမှတ် ၁၂ ဖြင့်ရပ်တည်နေပြီး နယ်သာလန်က ၁၀ မှတ်ဖြင့် စတုတ္ထနေရာသို့ရောက်နေသည်။ ယူရို ၂၀၁၆ ခြေစစ်ပွဲအုပ်စုကိုးခုမှ အကောင်းဆုံးတတိယ ရသည့် အသင်းမှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မည်ဖြစ်ပြီး ကျန်တတိယ ရှစ်သင်းမှာ ပလေးအော့ဖ်ကစားပြီး လေးသင်းခြေစစ်ပွဲအောင်မည်ဖြစ်သည်။

တူရကီကို ၃-၀ ဖြင့်ရှုံးခြင်းမှာ ယူရို ၉၆ တွင် အင်္ဂလန်ကို ဝင်ဘာလေကွင်း၌ ၄-၁ ဂိုးဖြင့်ရှုံးပြီးနောက်ပိုင်း နယ်သာလန်အသင်းအတွက် အကြီးမားဆုံးပြိုင်ပွဲရှုံးနိမ့်မှုလည်းဖြစ်ခဲ့သည်။

"ခြေစစ်ပွဲတစ်လျှောက်လုံး မယုံနိုင်စရာကောင်းလောက်အောင် ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့မှာအခွင့်အရေးရှိနေသေးပေမယ့် ကိုယ့်လက် ထဲမှာ မဟုတ်တာကတော့ ကြောက်ဖို့ကောင်းပါတယ်"ဟု တိုက်စစ်မှူး ဗန်ပါစီက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly