လျှပ်စစ်အန္တရာယ်များအတွက် ၀န်ကြီးဌာနမှ ၀န်ခံခဲ့ပြီး ဓာတ်ကြိုးများ လဲလှယ်ပြုပြင်နေဟုဆို

.

ဓာတ်ပုံ - သူရ

ရန်ကုန်၊ သြဂုတ် ၃၁ ။            ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့်လျှပ်စစ်အန္တရာယ်များအတွက် တာဝန်ရှိကြောင်း လျှပ်စစ်ဝန်ကြီး ဌာနမှ ၀န်ခံခဲ့ပြီး ဓာတ်ကြိုးများ ပြုပြင်လဲလှယ်ခြင်းများ ဆောင်ရွက်နေသည် ဟု ရန်ကုန်တိုင်းလျှပ်စစ် အထွေထွေမန်နေဂျာ ဦးတင်အောင်က ပြောသည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ ၊စမ်းချောင်းအ.ထ.က ၂ ကျောင်း၌ လျှပ်စစ်အန္တရာယ်ပညာပေး အခမ်းအနားတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဓာတ်ကြိုးများ လူအများပေါ် ပြုတ်မကျစေရန် ဆိုင်းကြိုးများ၊ ထိန်းကြိုးများ တပ်ဆင်နေပြီး ၀ါယာကြိုးအသစ် များ လဲလှယ်ခြင်းများကို ဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။

စမ်းချောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက " တတ်နိုင်သရွေ့ ဘယ်လိုလျှော့ချမယ် ဆိုတဲ့အပိုင်းက အဓိကကျမယ်လို့ ကျွန်တော် ထင်ပါတယ်။ လျှပ်စစ်အန္တရာယ် လျှော့ချနိုင်ဖို့အတွက် ယိုယွင်းနေတာတွေကို ကျွန်တော်တို့ပြုပြင်ရမှာဖြစ်ပါတယ်။ ဒီအတွက် ဘဏ္ဍာငွေ လိုတယ်။ နောက်ပြီး ကျွမ်းကျင်မှုတွေ လိုလာတယ်ပေါ့နော်။ အသိပညာပေးရေးတွေ လိုလာတယ်။ ဒီအတွက်ကို အချိန်တစ်ခု စောင့်ရဦးမှာပါ။ အဲဒီလိုအချိန်တစ်ခုစောင့်နေတဲ့ကာလအတွင်းမှာ တတ်နိုင်သရွေ့ လျှပ်စစ်အန္တရာယ် ဖြစ်တိုင်းမှာ အလေအလွင့်မရှိအောင်၊ အသက်အန္တရာယ်မရှိအောင် အသိပညာပေးဖို့ အတွက်ကို လက်လှမ်းမှီသလောက်မှ စလုပ်နေခြင်းဖြစ်ပါတယ်" ဟု  ပြောသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လအထိ သေဆုံးသူ ၁၀၈ ဦး ရှိခဲ့ပြီး တစ်နှစ်လုံးတွင် လျှပ်စစ်အန္တရာယ်ကြောင့် သေဆုံးသူ ၁၈၅ ဦး ရှိနိုင်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနစာရင်းများအရ သိရသည်။

လျှပ်စစ်အန္တရာယ်ကြောင့် ရန်ကုန်မြို့တွင် ဇူလိုင်လအတွင်း ဓာတ်ကြိုးပြတ်ကျမှုကြောင့် ၈ တန်း ကျောင်းသားတစ်ဦးနှင့် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးတို့ သေဆုံးခဲ့ရပြီး  ၈ တန်းကျောင်းသား သေဆုံးမှု တွင် လျှပ်စစ်ဌာန၌ တာဝန်ရှိသည်ဟု လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ က ၀န်ခံခဲ့သည်။

လျှပ်စစ်ဌာနအနေဖြင့် စမ်းချောင်းမြို့နယ်ရှိ အ.ထ.က ၂ ကျောင်းအပါအ၀င် စုစုပေါင်း ကျောင်း ၄ ကျောင်းကို လျှပ်စစ်အန္တရာယ် ပညာပေးသွားမည်ဖြစ်ပြီး လျှပ်စစ်အန္တရာယ် ဆောင်ရန်၊ ရှောင်ရန်နှင့် ဓာတ်လိုက်နေချိန်တွင် ဆောင်ရန်ရှောင်ရန်များကို သိရှိနားလည်စေရန် ဖြစ်သည်။

 "သစ်ပင်၊သစ်ကိုင်းလေးတွေ သစ်ကိုင်းကြီးတွေ ကျိုးကျတာမျိုးတွေ တစ်ခါတစ်လေကျတော့လည်း ကားကြီးတွေသွားပြီး ကြိုးမလွတ်တာမျိုးတွေ အဲဒါမျိုးနဲ့လည်းကြုံရဖူးပါတယ်။ အဲဒီအခါမျိုးတွေကျတော့ စိတ်ပူတယ်လေနော်။ ခရီးသွားတဲ့လူတွေအတွက် လျှပ်စစ်နဲ့ပတ်သက်ပြီးအန္တရာယ်တွေဖြစ်မှာကို တစ်ခါတစ်လေတော့စိတ်ပူမိတယ်" ဟု ပညာပေးအခမ်းအနားကို တက်ရောက်လာသူ အဆိုတော် ကိုအက်စ်ကဲနက် က ဆိုသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၄ နှစ်တာကာလအတွင်း လျှပ်စစ်အန္တရာယ်ဖြစ်ပွားမှု ၈၆၅ ခု တွင် သေဆုံးသူ ၇၆၈ ဦး၊ ဒဏ်ရာရရှိသူ ၂၅၀ ဦး ရှိနေကာ ၄င်းတို့ထဲတွင် လျှပ်စစ်ဝန်ထမ်းများလည်း ပါဝင်နေသည်ကိုတွေ့ရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အိမ်ထောင်စု ၁၁ သန်းရှိပြီး ၄င်းတို့အနက် ၄ သန်းသည် လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနေကြသည်။