သုံးခွတွင် သောင်တင်နေသည့်သင်္ဘောကို ရေကြောင်းပို့ဆောင်ရေးက တိုက်ရိုက်ကိုင်တွယ်စစ်ဆေးနေ

.

ရန်ကုန်   သြဂုတ်   ၃၁ ။                         ။ သုံးခွမြို့အနီးသောင်တင်နေသော သင်္ဘောကိစ္စကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်နေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထူးက သြဂုတ်လ ၃၁ ရက်နေ့တွင် မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့်သြဂုတ်လ ၂၈ ရက်နေ့က သုံးခွမြို့နယ် သမစိတ္တကျေးရွာမှ ရေမိုင် ၇ မိုင်ခန့်အကွာတွင် သောင်တင် နေသော ကုန်နှင့်ဆီများ၊ သင်္ဘောသားများမပါသည့်သင်္ဘောတစ်စင်းကို သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက် နေခြင်း ဖြစ်သည်။

" ဒီကိစ္စကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တိုက်ရိုက်ကိုင်တွယ်လုပ်နေပါတယ်။ ဆရာတို့ အနေနဲ့က ဒါက ဆရာတို့ရဲ့ ပို့လစ်မစ်ရဲ့အပြင်ဘက် မိုင် ၃၀ အကွာလောက်မှာရှိတဲ့အတွက် ဆရာတို့ ဧရိယာထဲ မကျတဲ့အတွက် ဆရာတို့က ဆောင်ရွက်တာမရှိပါဘူး။ ဒါပေမယ့် ဆရာတို့အနေနဲ့ ပထမပိုင်း ရတဲ့သတင်းအချက်အလက်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေကို လှမ်းအသိပေးတာတွေ ဆောင်ရွက် ခဲ့ပါတယ်" ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထူးက ပြောသည်။

အဆိုပါသင်္ဘောအား စစ်ဆေးဆောင်ရွက်နေမှုအခြေအနေကို မေးမြန်းရန်ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ မဇ္ဈိမက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

တန်ချိန် ၁၈၀၀၀ ကျော်တင်ဆောင်နိုင်သည့် Sam Ratulangi အမည်ရှိသောသင်္ဘောသည် သြဂုတ် လ ၂၇ ရက်က ရာသီဥတုဆိုးဝါးခြင်းကြောင့် သောင်တင်သည်ဟု ယူဆရကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက သြဂုတ်လ ၃၀ ရက် ညပိုင်းက ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စင်ကာပူနိုင်ငံရှိ Smith Salvage ကုမ္ပဏီသို့ စုံစမ်းချက်အရ အဆိုပါ သင်္ဘောသည် မြန်မာနိုင်ငံသို့ဝင်ရောက်ရန်မဟုတ်ဘဲ တွဲဆွဲသင်္ဘောဖြင့် ဆွဲယူလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ သွားရောက်မည့် အကြောင်းအရင်း အသေးစိတ်ကိုတော့ လတ်တလော မသိရှိရသေးကြောင်းလည်း ထုတ်ပြန်ထားသည်။

သင်္ဘောနှင့် အချက်အလက်များအတည်ပြုပြီးပါက သက်ဆိုင်ရာရေကြောင်းအဖွဲ့အစည်းနှင့် သင်္ဘော ပိုင်ရှင် တို့အား အကြောင်းကြားသွားမည်ဟုသိရပြီး သင်္ဘောသောင်တင်သည့် အနီးနားတွင် ရေကြောင်း အန္တရာယ် သတိပေးချက်ကို ထုတ်ပြန်သွားမည်ဟုသိရသည်။ ထို့ပြင် သင်္ဘောပိုင်ရှင်နှင့် ဆက်သွယ်ရရှိပါက မြန်မာ့ ကုန်သည်သင်္ဘောအက်ဥပဒေနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

အဆိုပါသင်္ဘောသည် ကုန်သေတ္တာတင်သင်္ဘောအမျိုးအစားဖြစ်ပြီး အလျား (၁၇၇.၃၅ )မီတာ၊ အနံ (၂၇.၉၁) မီတာ၊ အလေးချိန် (၂၆၅၁၀) တန်ရှိပြီး ၂၀၀၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုပြင် ယင်းသင်္ဘောရှိရာသို့ သြဂုတ် ၃၀ ရက်က တပ်မတော်(ရေ)မှ ဦးဆောင်၍ တာဝန်ရှိသူများသွားရောက် စစ်ဆေးခဲ့ကြပြီး တွေ့ရှိချိန်တွင် သင်္ဘောမှာ ခါးကျိုးလျှက်တွေ့ရှိခဲ့ရကြောင်း သိရသည်။