မန်ယူရှုံးပွဲဟာ မြန်မာလောက်မခက်ခဲတဲ့ အခြေအနေလို့ မော်ရင်ဟို ပြော

.

မန်ယူအသင်း အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရမှုအပေါ် အသင်းနည်းပြ မော်ရင်ဟိုက ခက်ခဲတဲ့အချိန်လို့ ပြောသွားပြီး မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ထည့်သွင်းပြောသွားခဲ့ပါတယ်။

သြဂုတ်လ ၂၈ ရက်က မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ပြိုင်ဖက် တော့တင်ဟမ်ဟော့စပါးအသင်းကို ၃ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။

“ ပွဲမစခင်မှာ သတင်းတွေကို ကျွန်တော်ကြည့်ခဲ့သလိုမျိုး ခင်ဗျားကြည့်ခဲ့မယ်ဆိုရင်၊ မြန်မာနိုင်ငံသတင်းတွေကို ကြည့်မယ်ဆိုရင် အဲဒါကမှ ခက်ခဲတဲ့ အချိန်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာနိုင်ငံဟာ ခက်ခဲတဲ့ အချိန်ကာလကို ရင်ဆိုင်နေရတာပါ။ ဘောလုံးလောကမှာ ပွဲတစ်ချို့ ရှုံးတာမျိုးလောက်က (ခက်ခဲတဲ့ အချိန်မဟုတ်ပါဘူး။)” လို့ မော်ရင်ဟိုက မန်ယူတီဗီကို ပြောတဲ့စကားမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးမှုများတဲ့ပရိသတ်တွေအများဆုံးရှိတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံတကာမှာ ရခိုင်ပြည်နယ်အရေးနဲ့ ဖိအားပေးခံနေရတဲ့အခြေအနေကို  ရည်ညွှန်းပြောဆိုခဲ့တာပါ။

အိုးလ်ထရက်ဖို့ဒ်လို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်အတွက် မန်ယူပရိသတ်တွေ အသည်းကွဲရတဲ့နေ့ ဆိုရင်လည်း မမှားပါဘူး။

ဒီပွဲအနိုင်ရရှိခဲ့တဲ့ စပါးအသင်းဟာ လိဂ်ပွဲစဉ် ၃ ပွဲကစား ၃ ပွဲစလုံးအနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာ အထိ တက်ရောက်လာနိုင်ခဲ့ပါတယ်။ မန်ယူကတော့ လက်ရှိမှာ အဆင့် ၁၃ နေရာမှာ ရှိနေပါတယ်။